News

POST TYPE

NEWS

အင်ဒိုနီးရှားငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများစတင်၊ သေဆုံးသူဦးရေမြင့်တက်
09-Aug-2018


လွမ်ဘွတ်၊ ဩဂုတ် ၈ 

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘွတ်တွင် ယမန်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများအကြား ပိတ်မိနေနိုင်သူများကို ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် စစ်တပ်မှ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေကယ်ဆယ်လျက်ရှိကြောင်း၊ ထို့အတူ အာဏာပိုင်များက ကမ္ဘာလှည့်ခရီးသည် ၂၀၀၀ ကျော်ခန့်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

တနင်္ဂနွေနေ့က လှုပ်ခတ်သွားသော ပြင်းအား ၆ ဒသမ ၉ ခန့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသွားသူ ဦးရေမှာ မြင့်တက်လာရာ နောက်ဆုံး တရားဝင်ထုတ်ပြန်သည့်စာရင်းအရ ဘာလီကျွန်းနှင့် လွမ်ဘွတ်ကျွန်းတို့တွင် သေဆုံးသူ ၁၀၅ ဦးဟု ဆိုသည်။ 

အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနူဂရိုဟိုက ကယ်ဆယ်ရေးသမားများသည် အဆောက်အအုံအပြိုအပျက်များကို လှန်လှောရှာဖွေလျက်ရှိကြောင်း ပြောကြားသည်။ 

ထို့ပြင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသောနေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၁၃၀၀၀ ကျော်ခန့်ရှိသည်ဟု ဆိုသည်။ 

ငလျင်လှုပ်ပြီးခါစက လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးများ ပြတ်တောက်သွားသော်လည်း ၂၄ နာရီကျော်ကြာသောအခါ အချို့သောနယ်မြေများ၌ လျှပ်စစ်မီးပြန်လည်ရရှိလာသည်။ 

လွမ်ဘွတ်ကျွန်းမှ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ၎င်း၏ နေအိမ်တစ်ခုလုံး ပျက်စီးဆုံးရှုံးလိုက်ရကြောင်း၊ ယနေ့အချိန်အထိ အကူအညီအထောက်အပံ့တစ်စုံတစ်ရာ မရရှိသေးကြောင်း ပြောကြားသည်။ 

“ကျွန်တော်တို့ ဘာအကူအညီမှ မရပါဘူး”ဟု ၎င်းက ဆိုသည်။ အင်ဒိုနီးရှား စစ်တပ်ကမူ လွမ်ဘွတ်ကျွန်းနှင့် ဘာလီကျွန်းသို့ ဆေးဝါးပစ္စည်းအထောက်အပံ့များနှင့် အခြားထောက်ပံ့ပစ္စည်းများပါရေယာဉ် စေလွှတ်လိုက်ကြောင်း ပြောကြားသည်။ 

အဆိုပါ မြေငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် ၂၃၀ ခန့် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ 

ကမ္ဘာလှည့်ခရီးသည်များမှာ လွမ်ဘွတ်ကျွန်းမှ တဖွဲဖွဲထွက်ခွာသွားလျက်ရှိကြောင်း၊ အချို့မှာ စစ်သုံးယာဉ်များ၊ အခြားဖယ်ရီများနှင့် လိုက်ပါသွားကြကြောင်း ၎င်းတို့က ဆိုသည်။ 

အင်ဒိုနီးရှားအာဏာပိုင်များက လွမ်ဘွတ်တွင် လူပေါင်း ၂၀၀၀ ကျော်ခန့် ကယ်ဆယ်ခဲ့ရသည်ဟု ဆိုသည်။ 

F-01



  • VIA