News

POST TYPE

NEWS

တရုတ်သို့ အလုပ်သွားလုပ်သည့် မြန်မာနိုင်ငံသား ၄၅ ဦးကို လွှဲပြောင်း
မြစ်ကြီးနား၊ ဩဂုတ် ၇

တရုတ်နိုင်ငံ ထိန်ချုံးခရိုင်အတွင်း သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၄၅ ဦးကို တရုတ်နိုင်ငံ ထိန်ချုံးခရိုင် အစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံ အစိုးရသို့ ဩဂုတ်လ ၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တရုတ်အစိုးရက ထိန်ချုံးခရိုင်၌ ဇူလိုင်လအတွင်းက မူးယစ်ဆေးဝါးကင်စင်ရေး စီမံချက်ရေးဆောင်ရွက်သည့် ကာလအတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို စစ်ဆေးရာ ဆီးစစ်ချက်မအောင်သူ ၁၇ ဦး၊ တရားဝင် ဝင်ရောက်ခွင့် အထောက်အထားမပါသူ ၂၈ ဦးတို့ကို လွှဲပြောင်းလက်ခံခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောကြားသည်။

“သူတို့ကို အစိုးရကသတ်မှတ်ထားတဲ့ ဆီးစစ်ချက်မအောင်လို့နဲ့ တရားဝင် ဝင်ရောက်တဲ့ အထောက်အထားမပါတာနဲ့ သူတို့ကို ထိန်းသိမ်းထားပြီး ပြန်လွှဲပြောင်းပေးတာ”ဟု ၎င်းက ဆိုသည်။

ယခင်ကလည်း တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်ခဲ့သူများနှင့် အခြားအမှုနှင့် ဖမ်းဆီးခံခဲ့ရသူများကိုလည်း ယခုကဲ့သို့ လွှဲပြောင်းပေးမှုများရှိခဲ့သည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ လစဉ် ပုံမှန်ကျင်းပနိုင်ရေး၊ သတင်းဖလှယ်ရေး၊ တည်ဆဲဥပဒေများနှင့်အညီ မှုခင်းစုံစမ်းဖော်ထုတ်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်အဝင်အထွက်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို လုပ်ဆောင်ရန်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးကို မြစ်ကြီးနားမြို့တွင် မတ်လ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

R-06