News

POST TYPE

NEWS

ကျွဲ၊ နွား၊ ဆိတ်၊ ဝက် တို့ကို ခွင့်ပြုချက်မရှိဘဲ မသတ်ဖြတ်ရန် စည်ပင်သတိပေး
06-Aug-2018

ဗန်းမော်၊ ဩဂုတ် ၅ 

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် နေထိုင်သော ဒေသခံများအနေနှင့် တိုင်းရင်းသား ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရဟုဆိုကာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်တို့ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ရောင်းချခြင်းများ မလုပ်ဆောင်ရန် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလမိုးက သတိပေးလိုက်သည်။ 

 ဩဂုတ်လ ၂ ရက်က ဗန်းမော်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။ 

“သာရေး၊ နာရေးကိစ္စကိုခွင့်ပြုဖို့ အကြောင်းကြားစေလိုပါတယ်၊ ခုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က သေဆုံးသူအတွက် သတိရအောက်မေ့ဖွယ် အခမ်းအနားဆိုပြီး ဝက်၂ ကောင် ၃ ကောင် သတ်ပြီး လုပ်နေတာမျိုးတွေ ရှိနေပါတယ်။ ဒါဟာ စည်ပင်သာယာဥပဒေကို ချိုးဖောက်ရာကျပါတယ်”ဟု ၎င်းက ဆိုသည်။ 

၂၀၁၃ ခုနှစ်ကရေးဆွဲခဲ့သည့် စည်ပင်သာယာဥပဒေရှိ ပုဒ်မ ၄၄ တွင် အများ ပြည်သူစားသုံးရန်မှအပ တိုင်းရင်းသား ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ပြုလုပ်ရသည့်ကိစ္စများအတွက် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် သတ်ဖြတ်ခွင့်ကို သတ်မှတ်ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းခဲ့သောလည်း ၂၀၁၆ ခုနှစ်က ပြင်ဆင်ရေးဆွဲခဲ့ရာ၌ စည်ပင်သာယာကော်မတီထံ အကြောင်းကြားပြီး ကော်မတီမှ ခွင့်ပြုချက်ကိုရယူပြီးမှသာ သတ်ဖြတ်ရမည်ဟု ဖော်ပြထားသည်။ 

တချို့နာရေးအိမ်ရှင်များသည် စည်ပင်ထံသာ အကြောင်းကြားပြီး အသားကို လိုင်စင်စီသမားထံမှ မယူဘဲ တရားမဝင်သတ်ဖြတ်သူထံမှ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူမှုများရှိနေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေကပြောသည်။ 

လိုင်စင်စီသမားများ အနေနှင့်လည်း ဝက်သားသတ်ရောင်းချရာတွင် တိရစ္ဆာန် ကျန်းမာရေးကိုစစ်ဆေးပြီးမှ ရောင်းချသင့်ပြီး စားသုံးသူများအတွက် တာဝန်ယူမှု တာဝန်ခံမှုကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း ဟန်တဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ထောက်ပြသည်။

R-14