News

POST TYPE

NEWS

နတ်မောက်အနီးတွင် လူသတ်ပြီး တိမ်းရှောင်နေသူတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်
02-Aug-2018

ချောက်၊ ဩဂုတ် ၂

မကွေးတိုင်း မကွေးမြို့နယ် နတ်မောက်မြို့နယ်အနီးရှိ ကြာကန်ကျေးရွာတွင် ဩဂုတ် ၂ ရက်နေ့ နံနက် ၉ နာရီခန့်က အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး တိမ်းရှောင်နေသူ မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ထားသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှသိရသည်။

“ဒီနေ့(ဩဂုတ် ၂)မနက်ပိုင်းမှာ သူအဖမ်းခံမယ်ပေါ့။ သူ့မွေးချင်းတွေကို ပြောတယ်။ ကျွန်တော်တို့ ကြားရတဲ့ စကားအရတော့ နဂိုကလည်း ထောင်ကျဖူးတယ် ပြောတယ်။ ထောင်ကျဖူးတော့ ထောင်ထမင်း၊ ထောင်ဟင်းကို မကြောက်ဘူးလို့ ပြောတယ်။ ဒီအချုပ်ထဲမှာဆိုလို့ရှိရင် သူ့ကိုကျွေးမယ့်သူလည်းမရှိဘူး။ အချုပ်တွေ ဘာတွေကျရင် ရိုက်ခံရမှာတွေဘာတွေ သူ့ရဲ့စိုးရိမ်မှုပေါ့။ ဒီခေတ်ထဲမှာ ဒါတွေ မရှိတော့ပါဘူး။ ထမင်းငတ်မှာတွေ နပ်မမှန်မှာတွေ စိုးရိမ်ပြီးတော့ ခုလိုလုပ်သွားတာ”ဟု ကြာကန်ကျေးရွာတွင်နေထိုင်သူ ဦးဇော်မင်းထိုက်ကဆိုသည်။

ဇူလိုင် ၃၁ ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့နယ် ကြာကန်ကျေးရွာ မြင့်မြတ်ထွန်း ထမင်းဆိုင်ရှေ့တွင် ကြာကန်ကျေးရွာနေသူ ဒေါ်ဘေဘီ(၄၇ နှစ်)နှင့် ပုဂံမျှော် ကျေးရွာနေသူ ဦးအေးသန်း (၅၀ နှစ်)တို့သည် တစ်ဦးနှင့်တစ်ဦး စကားများနေချိန်တွင် ဦးအေးသန်းက အသင့်ပါလာသည့် ဓားမြှောင်ဖြင့် ဒေါ်ဘေဘီ၏လည်ပင်းကိုထိုးပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ကန်နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်ကန်နယ်မြေရဲစခန်းက (ပ) ၁၁/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲ အရေးယူနေစဉ် ဦးအေးသန်းသည် သရက်ပင်၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-23