News

POST TYPE

NEWS

မြောက်ကိုရီးယားတွင် ဒုံးပျံအသစ်များ ပြန်လည်တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေးဂြိုဟ်တု တွေ့ရှိ
01-Aug-2018

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃၁

မြောက်ကိုရီးယားသည် ၎င်းတို့၏ စက်ရုံများတည်ရှိရာ ဒေသတစ်ခုတွင် ဒုံးပျံများတည်ဆောက်မှု ပြန်လည်စတင်နေကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ဂြိုဟ်တုဓာတ်ပုံများ ထုတ်ပြန်လိုက်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ 

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ တင်းမာမှုများလျော့ကျရေးအတွက် ဆွေးနွေးပွဲများပြုလုပ်နေပြီး အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ထိပ်သီးတွေ့ဆုံပွဲအပြီးတွင် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အမျိုးသားအာကာသ ထောက်လှမ်းရေးအေဂျင်စီ National Geospactial - Intelligence Agency က တိုက်ကြီးများ ဖြတ်ကျော်ဒုံးကျည်နှစ်စင်း သို့မဟုတ် တစ်စင်း တည်ဆောက်နေသည့် လုပ်ငန်းခွင်ပုံကို ရရှိထားကြောင်း Washington Post သတင်းစာက ဖော်ပြထားသည်။ 

ဆာနမ်ဒေါင် ဒေသသုတေသနစခန်းတစ်ခုတွင် ယင်းသို့ တည်ဆောက်နေခြင်းကို တွေ့ရှိရခြင်းဟု အမေရိကန် ထိပ်သီးအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားသည်။ 

ယင်းနေရာကို မောင်းဝင်လာသော ဖုန်းအုပ်ထားသည့် နောက်တွဲကြီးရှိသော ယာဉ်ကြီးများသည် ယခင်က တိုက်ချင်းပစ်ဒုံးပျံများ သယ်ဆောင်သော ယာဉ်များဖြစ်သည်ဟု အဆိုပါ ကောင်းကင်ဓာတ်ပုံကို အမေရိကန်အရာရှိများက သုံးသပ်ထားကြသည်။ 

အဆင့်မြင့် တိုက်ချင်းပစ်ဒုံးပျံများ တည်ဆောက်ရေးလုပ်ငန်းခွင်များ မည်သို့ မည်ပုံရှိသည်ကိုတော့ ဓာတ်ပုံများတွင် ဖော်ပြမထားပေ။

ယင်းသတင်းထွက်ပေါ်လာခြင်းအတွက် အိမ်ဖြူတော်က တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။ 

တောင်ကိုရီးယားသမ္မတအိမ်တော် အရာရှိကလည်း ယင်းသတင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြုရန် ငြင်းဆန်ထားသည်။

သို့သော် မြောက်ကိုရီးယား၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယားထောက်လှမ်းရေးတို့က အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယားသမ္မတ အိမ်တော်အရာရှိက ပြောကြားသွားသည်။ 

မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးကျည်အစီအစဉ်များကို လုံးဝရပ်လိုက်ပြီဆိုခြင်းမှာ လက်တွေ့မကျသော မျှော်မှန်းချက်ဖြစ်ပါကြောင်း အမေရိကန်ဘက်မှ ညှိနှိုင်းပေးသူ ဟောင်းဂျိုရယ်ဝစ်က Twitter တွင် ရေးသားထားသည်။

F-02