News

POST TYPE

NEWS

စက်သုံးဆီဆိုင်ငယ်များ တရားဝင်ရောင်းချခွင့်မပြုသေး
31-Jul-2018
ပုသိမ်၊ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ရောင်းချနေသော စက်သုံးဆီ ဆိုင်ငယ် (ပန့်ဆိုင်အသေးစား) များအတွက် တရားဝင်ရောင်းချခွင့်ကို လောလောဆယ်တွင် ခွင့်မပြုနိုင်သေးကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဇူလိုင် ၃၀ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ဘိုကလေးမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်၏ “စက်သုံးဆီဆိုင် (ပန့်ဆိုင်အသေး) လေးများကို ဘေးအန္တရာယ်မဖြစ်စေဘဲ နေရာဒေသအလိုက် သတ်မှတ်ထားသည့်နေရာများတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ တရားဝင်ခွင့်ပြုဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအစဉ်ကို သိရှိလိုကြောင်း” မေးခွန်းကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းအတွင်းက နေရာဒေသအနှံ့အပြားမှာ စက်သုံးဆီ တရားမဝင်သိုလှောင် ဖြန့်ဖြူးရောင်းချနေတဲ့အတွက် မီးဘေးအန္တရာယ်ရှိနိုင်ပြီး တည်ဆဲဥပဒေတွေနဲ့ မညီတဲ့အတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားဖို့နဲ့ တွေ့ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားဖို့ (ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးသိုလှောင်သယ်ယူ ချက်လုပ်ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းမှုကြီးကြပ်ရေးကော်မတီမှ) ညွှန်ကြားထားပြီးဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောကြားသည်။

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်များ Village Mini First Station ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည့် သတ်မှတ်ချက်များကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ ပြုစုပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့တင်ပြထားပြီးဖြစ်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ပြီးခဲ့သည့်နှစ် ဩဂုတ် ၁ ရက်နေ့က ထုတ်ပြန်ပြဋ္ဌာန်းထားပြီးဖြစ်ကာ ဥပဒေပါပြဋ္ဌာန်းချက်များကို နားလည်သဘောပေါက်စေရန်အတွက် မြို့နယ်/ရပ်ကွက်/ကျေးရွာများသို့ အသိပေးလက် ကမ်းစာစောင်များ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဒီပန့်အသေးလေးတွေက ဘက်ထရီနဲ့သုံးတာပါ။ လျှပ်စစ်အန္တရာယ်လည်း မရှိပါဘူး။ အခြင်အတွယ်လည်း မှန်ပါတယ်။ စက်ထဲမှာကိုက သတ်မှတ်အပူချိန်ထက် ပိုပြီးမြင့်လာရင် မီးလောင်ခြင်းကို ငြှိမ်းသတ်နိုင်တဲ့ ပေါင်ဒါမှုန့်တွေလည်းပါတယ်လို့ သိရပါတယ်။ ခွက်ခြင်တို့ ရေသန့်ဘူးတို့နဲ့ ရောင်းတာထက်စာရင်တော့ ဒီပန့်လေးတွေက ပိုပြီးစိတ်ချရပါတယ်”ဟု ရေကြည်မြို့နယ်မှ ပန့်ဆိုင်အသေးပိုင်ရှင် တစ်ဦးက ဆိုသည်။

တိုင်းအတွင်းရှိ မြို့နယ်များ၊ မြို့များ၊ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ဓာတ်ဆီဆိုင်အသေးလေးများ၊ ပန့်ဆိုင်အသေးလေးများ ဖွင့်လှစ်ရောင်းချနေကြပြီး ယင်းဆိုင်လေးများသည် တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ရောင်းနေခြင်းမဟုတ်ဘဲ နားလည်မှုသဘောဖြင့် ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်၍ တိုင်းဒေသကြီးအတွက် ရသင့်ရထိုက်သော အခွန်ငွေများ မရရှိသကဲ့သို့ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ပြောကြားသည်။ 

R-11


  • VIA