News

POST TYPE

NEWS

၂၀၁၃ ထိုင်ရာမထ ဆန္ဒပြမှုတွင် ပါဝင်သူ ၇၅ ဦးကို အီဂျစ်တရားရုံးက သေဒဏ်ချမှတ်
30-Jul-2018



ကိုင်ရို၊ ဇူလိုင် ၂၉

လွန်ခဲ့သောငါးနှစ်က အစိုးရဆန့်ကျင်ရေး ထိုင်ရာမထဆန္ဒပြမှုတွင် ပါဝင်ခဲ့သူများကို အီဂျစ်တရားရုံးက စနေနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။

ပြစ်ဒဏ်ချမှတ်ခံရသူများထဲတွင် မတရားအသင်းသတ်မှတ်ခံထားရသော မွတ်ဆလင်ဘရာသာဟုဒ် အဖွဲ့ဝင်များ ပါဝင်သည်။

ကိုင်ရို ရာဇဝတ်ခုံရုံးက စီရင်ချက်များကို အီဂျစ်နိုင်ငံ၏ ထိပ်တန်းသာသနာပိုင် ဂရင်းမတ်ဖ်တီထံ အလိုအလျောက်လွှဲပြောင်းပေးရသည်။ ၎င်းသည် ခုံရုံးစီရင်ချက်များကို ပယ်ဖျက်နိုင်သည့် အာဏာရှိသော်လည်း ယခုစီရင်ချက်ကို အတည်ပြုပေးခဲ့သည်။

အဆိုပါတရားစွဲဆိုမှုတွင် ဘရာသာဟုဒ် လမ်းညွှန်ခေါင်းဆောင် မိုဟာမက်ဘာဒီအပါအဝင် တရားစွဲခံရသူ ၇၃၉ ဦး ပါဝင်သည်။

ရှော်ကန်ဟု လူသိများသော ဓာတ်ပုံသတင်းထောက်သည်လည်း ၂၀၁၃ ထိုင်ရာမထ ဆန္ဒပြမှုကို ရိုက်ကူးမှတ်တမ်းတင်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် သေဒဏ်ချမှတ်ခံရခြင်းမရှိသော်လည်း မည်သည့်ပြစ်ဒဏ်ကျခံရမည်ကို မသိရသေးပေ။

ကုလသမဂ္ဂ UNESCO အဖွဲ့သည် အီဂျစ်အစိုးရက ကန့်ကွက်နေသည့်ကြားမှ ဧပြီလတွင် ရှော်ကန်ကို ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့် ဆုချီးမြှင့်ခဲ့သည်။

တရားစွဲဆိုခံရသူများသည် လူသတ်မှု၊ လက်နက်ကိုင်ဆောင်စုဝေးမှု၊ တရားမဝင်လက်နက်ပိုင်ဆိုင်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုအပါအဝင် စွဲချက်မျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသည်။

အဆိုပါဆန္ဒပြပွဲကို သမ္မတဟောင်း မော်ဆီ၏ ထောက်ခံသူများက လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။ 

မော်ဆီသည် ရွေးကောက်ပွဲနိုင်ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၃ တွင် စစ်တပ်က အာဏာသိမ်းကာ ဖြုတ်ချခြင်းကိုခံခဲ့ရသည်။

မော်ဆီအား ဖြုတ်ချမှုကို ထိုစဉ်က စစ်ဗိုလ်ချုပ် ယခု သမ္မတဖြစ်နေသူ အယ်လ်စီစီက ဦးဆောင်ခဲ့သည်။ ၂၀၁၃ ဩဂုတ်လ ၁၄ ရက်တွင် ထိုင်ရာမထ ဆန္ဒပြမှုကို လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်နှိမ်နင်းခဲ့ရာ လူ ၆၀၀ ကျော် သေဆုံးခဲ့သည်။ 

လအတန်ကြာပြီးနောက် အာဏာပိုင်များက မွတ်ဆလင်ဘရသာဟုဒ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာကာ အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို ဖမ်းဆီးထောင်ချမှု စတင်ပြုလုပ်ခဲ့သည်။

မော်ဆီ၏ ထောက်ခံသူအချို့မှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်သည်။ မော်ဆီကိုယ်တိုင်မှာမူ အနည်းငယ်ပေါ့သော ရာဇဝတ်မှုများဖြင့် တရားစွဲခြင်း ခံနေရသည်။

အီဂျစ်အာဏာပိုင်များ၏ တရားစွဲဆိုမှုများကို Amnesty International (AI) အပါအဝင် လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား တရားစွဲဆိုမှုကို ရုပ်သိမ်းရန် တောင်းဆိုထားကြသည်။

အဒါဝီယာရင်ပြင်တွင် အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲကို မှတ်တမ်းတင်ရိုက်ကူးနေသူ ဓာတ်ပုံသတင်းထောက် ရှော်ကန်ကို ဘရာသာဟုဒ် ထောက်ခံသူအဖြစ် အာဏာပိုင်များက စွပ်စွဲခဲ့ကြပြီး ရာဇဝတ်မှု ၂၄ မှုဖြင့် စွဲချက်တင်ခဲ့သည်။ ရှော်ကန်အား တရားစွဲရာတွင် လူသတ်မှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုကျူးလွန်သည့် သက်သေအထောက်အထား တစ်ခုမှမရှိဘဲ တရားစွဲထားခြင်းဖြစ်သည်ဟု AI က ထောက်ပြထားသည်။

“ယူနက်စကိုက ဆုပေးပြီးကတည်းက အစိုးရက ဒေါသတွေထွက်ပြီး ရှော်ကန်ကို အကြမ်းဖက်သမားလို့ စွပ်စွဲတော့တာပဲ။ အခု သူ့အတွက် စိုးရိမ်နေရတယ်” ဟု ရှောကန်၏အမေ ရီဒါမာရုစ် ၆၂ နှစ်က ရိုက်တာသို့ ပြောကြားသည်။ 

F-04