News

POST TYPE

NEWS

မန္တလေးဈေးချို မြန်မာ့ပထမဆုံး ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်ဈေးအဖြစ် FDA ကြေညာ
25-Jul-2018
မန္တလေး၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သော ဈေးအဖြစ် မန္တလေးဈေးချိုတော်ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန FDA က ကြေညာလိုက်သည်။

“ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဈေးသူဈေးသားတွေကို အသိအမှတ်ပြုကတ်ပြားတွေ ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီလိုပေးအပ်နိုင်ဖို့ ၂၀၁၆ ခုနှစ်ကတည်းက ရက်တစ်ရာ စီမံချက်မှာ ဆိုးဆေးနဲ့ ပတ်သက်ပြီးလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဈေးချိုကို ဓာတုကင်းစင်အဖြစ် ကြေညာနိုင်ခဲ့ပါပြီ”ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က ပြောကြားသည်။

ဈေးချိုတော်တွင် အရောင်ပါသော အစားအသောက်များ ရောင်းချသည့်ဆိုင် ၃၈၆ ဆိုင်ရှိပြီး ဖေဖော်ဝါရီလတွင် ဆိုင်ပေါင်း ၁၂၄ ဆိုင်ကို ခွင့်မပြုဓာတု ဆိုးဆေးကင်းစင်သော အသိအမှတ်ပြုကတ်များ ပထမဆုံးအကြိမ် ထုတ်ပေးခဲ့ကြောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျန်ရှိသည့် ၂၆၂ ဆိုင်ကို အသိအမှတ်ပြုကတ်များ ထပ်မံ ထုတ်ပေးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။

“FDA ကနေ အစားအသောက်နဲ့ပတ်သက်ပြီး လမ်းညွှန်မှုတွေ အများကြီး ပေးခဲ့တယ်။ ပြည်သူတွေအနေနဲ့လည်း အစားအသောက်နဲ့ပတ်သက်ပြီး အသိဖွံ့ဖြိုးလာတဲ့အတွက် ထုတ်လုပ်သူတွေအနေနဲ့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာတွေ ထုတ်လုပ်ဖို့ လိုအပ်လာပါတယ်”ဟု ရှမ်းရွှေတောင်လက်ဖက်နှင့် စားသောက်ကုန်လုပ်ငန်း ဖြန့်ချိရေး အထက်မြန်မာပြည်တာဝန်ခံ ဦးစိုးနိုင်လင်းက ပြောကြားသည်။ 

မန္တလေးဈေးချိုသည် အထက်မြန်မာပြည်တစ်ခုလုံးသို့ ဖြန့်ချိသော လက်ကားဈေးကြီးတစ်ခုဖြစ်ပြီး လူသုံးကုန်များအပြင် မီးဖိုဆောင်သုံး အစားအသောက်များကို လက်လီလက်ကား ရောင်းချနေသော ဈေးကြီးတစ်ခုဖြစ်သည်။

M-05