News

POST TYPE

NEWS

ဘီးလင်းတွင် လေပြင်းတိုက်၍ အိမ် ၃၀ ကျော် ပျက်စီး
25-Jul-2018
မော်လမြိုင်၊ ဇူလိုင် ၂၄

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်က ဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာတွင် ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်း က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၃၄ လုံး ပျက်စီးခဲ့ကြောင်း သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

လေပြင်းဒဏ်ကြောင့် အိမ် ၂ လုံးမှာ ပြိုပျက်ခဲ့ပြီး ကျန် ၃၁ လုံးမှာ အမိုးလန်ခြင်းနှင့် တချို့တဝက်ပျက်စီးခဲ့ကြောင်း၊ ယင်းအပြင် ရော်ဘာပင်နှင့် သစ်ပင်တို့လည်း လဲပြိုခဲ့ကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း သထုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူစိုးက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၃၄ စု၊ လူဦးရေ ၂၃၀ ကျော်ကို တစ်ဦးလျှင် ဆန်ဖိုး ၂၁၀၀ ကျပ်နှုန်း၊ ပြိုကျခဲ့သော အိမ်၂ လုံးအတွက် တစ်လုံးလျှင် ကျပ်တစ်သိန်းနှင့် ထောက်ပံ့ပစ္စည်း ၁၇ မျိုး၊ တချို့တစ်ဝက်ပျက်စီးသောအိမ်များအတွက် ထောက်ပံ့ငွေများပေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။ 

ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်၊ ကန်သာယာရပ်ကွက် အပါအဝင် ရပ်ကွက် ၆ ခုနှင့် ကျေးရွာအချို့တွင် ရေဝင်ရောက်သဖြင့် ရေဘေးရှောင်စခန်း ၇ ခု ဖွင့်လှစ်ကာ လူ ၁၀၄၀ ခန့် လာရောက်ခိုလှုံနေရကြောင်း၊ ရေဘေးရှောင်သူများအတွက် တစ်ဦးလျှင် ဆန်ရိက္ခာ ကျပ် ၂၁၀၀ ကို ထောက်ပံ့မည်ဖြစ်ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

“မြစ်နဲ့နီးတဲ့ အိမ်တွေဆိုရင် ရေက ၁၀ ပေလောက်တက်တယ်၊ တဲအိမ်တွေဆို ခေါင်မိုးထိ ရေတက်တယ်၊ အိမ် ၁၀ လုံး လောက် မြုပ်တယ်၊ ခေါင်ပဲမြင်ရတယ်၊ နည်းနည်းမြင့်တဲ့ အပိုင်းမှာဆိုရင် ဒူးခေါင်းလောက်ရေတက်တယ်” ဟု ကန်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောသည်။

သထုံခရိုင်တွင် ၂၀၁၈ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ဘီးလင်း၊ ကျိုက်ထို၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် အိမ် ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း သထုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

R-21