News

POST TYPE

NEWS

သံလွင်မြစ်နှင့် စစ်တောင်းမြစ် စိုးရိမ်ရေမှတ်ကျော်၍ မိုး/ဇလ သတိပေး
23-Jul-2018 tagged as မိုးလေဝသ


ရန်ကုန်၊ ဇူလိုင် ၂၃

မုတ်သုံလေအား အလွန်ကောင်းနေမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း ယခုရက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းနေပြီး အဓိက မြစ်ကြီးများတွင် မြစ်ရေများမြင့် တက်လျက်ရှိရာ သံလွင်မြစ်နှင့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ကျော် လွန်နေ၍ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၃ ရက်နေ့ တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ထို့ပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခွဲခန့် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေနိုင်သေးကြောင်း အဆိုပါဌာနထံမှ သိရသည်။

မိုးဆက်တိုက်ရွာပြီး မြစ်ရေတက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့တို့ရှိ လူနေရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများကိုလည်း ဖွင့်လှစ်ထားရသည်။

ယင်းသို့ မြစ်ရေမြင့်တက်နေမှုကြောင့် ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်လာနိုင်ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနှင့် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

အလားတူ ဧရာဝတီမြစ်၊ ပဲခူးမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်ရေမှာ ဆက်လက် မြင့်တက်နေရာ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ပဲခူး၊ ငါးသိုင်းချောင်း၊ သာပေါင်းနှင့် မအူပင်မြို့တို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးကပ်နေကြောင်း အဆိုပါဌာနထံမှ သိရသည်။

လက်ရှိပစိဖိတ်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်ပြင်နှင့် အရှေ့တရုတ်ပင်လယ်ပြင်တို့တွင် မုန်တိုင်းများတစ်ပြိုင်နက် ဖြစ်ပေါ်နေပြီး တောင်တရုတ်ပင်လယ်ပြင်၌ တိုင်ဖုန်းမုန်တိုင်းများ ဖြစ်ပေါ်ပါက မုန်တိုင်း၏ အင်အားနှင့် အကွာအဝေးပေါ် မူတည်၍ မြန်မာ့မုတ်သုံလေကို အားကောင်းစေတတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“လာမယ့် သုံးရက်လေးရက်အတွင်း ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးအားကောင်းနေနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလဌာနက ဇူလိုင်လ ၂၄ ရက်နေ့အတွက် ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

E-03