News

POST TYPE

NEWS

ချောက်လေဘေးသင့်အိမ်ထောင်စုများကိုပေးသည့် ထောက်ပံ့ကြေး အမှန်တကယ်ထိခိုက်သူများ မရ

ချောက်၊ ဇူလိုင် ၂၃

မကွေးတိုင်း ချောက်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ လေဘေးသင့်ပြည်များကို ထောက်ပံ့ကြေးနှင့် ပစ္စည်းများ ပေးအပ်ရာတွင် အမှန်တကယ် ထိခိုက်ပျက်စီးသည့် အိမ်ထောင်စုအချို့ မရရှိကြောင်း မရရှိသည့် ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၁၈ ရက်နေ့က ချောက်မြို့နယ် ရွာမကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် မိုးသက်လေပြင်းဒဏ်ကြောင့် အိမ် ၈၇ အိမ် ပျက်စီးဆုံးရှုံးခဲ့သ်ာလည်း ယင်းမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင် ၂၂ ရက်နေ့တွင် ထောက်ပံ့ကြေး ငွေနှင့်ပစ္စည်း ထောက်ပံ့မှုပြုလုပ်ရာတွင် ၅၈ အိမ်အတွက် ထောက်ပံ့ကြေး ကျပ် ၂၇ သိန်းသာ ထောက်ပံ့မှု ပေးအပ်ခဲ့ရာတွင် ပျက်စီးမှုများပြားသည့် အိမ်များအတွက် ပါဝင်ခဲ့ခြင်းမရှိခြင်းကြောင့် ထောက်ပံ့ကြေးပေးအပ်မှုအပေါ် သံသယဖြစ်မိကြောင်း ရွာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က ပြောကြားသည်။

“ကျွန်တော်က ပျက်စီးစာရင်း အားလုံးကို တင်ပေးလိုက်ပေမယ့် တကယ်တမ်း ထောက်ပံ့ကြေးပေးဖို့ ကျလာတဲ့အခါ ၅၈ အိမ်အတွက်ပဲ ဖြစ်နေတာ”ဟု ၎င်းက ပြောဆိုသည်။

ယင်းကျေးရွာ၌ ထောက်ပံ့မှုမရရှိသောသူများသည် အိမ်မကြီး အမိုးလန်၊ ပျက်စီး ၁၀ အိမ်ခန့်၊ အိမ်ရှေ့အဖီကြီးများ ပျက်စီးမှု ၁၀ အိမ်ခန့်နှင့် နွားတင်းကုတ်များ ပျက်စီးမှုအပါအဝင် ထောက်ပံ့ကြေးပေးရန် စုစုပေါင်း ၂၉ အိမ် ထောက်ပံ့ကြေး မရရှိသေးကြောင်း ဦးစန်းမြင့်ကဆိုသည်။

“တစ်ရွာလုံးထဲမှာ ကျွန်တော့်အိမ်က ဆုံးရှုံးမှုအများဆုံးဖြစ်တဲ့အတွက် အစိုးရကနေ ထောက်ပံ့ကြေးငွေ ပေးမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ မျှော်မိတာ အမှန်ပါပဲ။ ဒါပေမဲ့ တကယ်ထောက်ပံ့ကြေးလည်း လာပေးတော့ ကျွန်တော့်အမည် စာရင်းက ပါမလာဘူးဖြစ်နေတယ်။ ဒါ ဘာကြောင့်လဲဆိုတာ အုပ်ချုပ်ရေးမှူး သွားမေးတော့ အုပ်ချုပ်ရေးမှူးက ဒါတွေ လုံးဝ မသိရပါဘူးကွာ။ ဒါတွေက မြို့နယ်က လုပ်တဲ့အလုပ်တွေပါလို့ ကျွန်တော့်ကိုပြောပါတယ်”ဟု လေဘေးကြောင့် အိမ်ပျက်စီးဆုံးရှုံးခဲ့ရသူ ဦးကျော်ငြိမ်းက ပြောဆိုသည်။

အဆိုပါကျေးရွာမှ ပျက်စီးဆုံးရှုံးမှု များနှင့်ပတ်သက်၍ ကျေးရွာတာဝန်ရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ကျေးရွာတာဝန်ရှိ ထွေအုပ်စာရေးများက ကျေးရွာ ပြည်သူလူထုကို အသိပေးပြီး စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မှတစ်ဆင့် မြို့နယ် အုပ်ချုပ်ရေးရုံးမှ သဘာဝ ဘေးဦးစီးဌာနသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ဆိုသည်။

နေနိုင် (ချောက်)