News

POST TYPE

NEWS

ရှေ့နေ၏အသံဖိုင် တရားမဝင်ဟု ထရမ့်ပြော


ဝါရှင်တန်၊ ဇူလိုင် ၂၂

အမေရိကန်သမ္မတထရမ့်၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က ထရမ့်နှင့် ပတ်သက်ခဲ့ဘူးသည်ဟု ပြောဆိုသော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းနှင့်ဆိုင် သောရပိုင်ခွင့်ကို ဝယ်ယူရန် နှစ်ဦးသားဆွေးနွေးနေမှုကို မှတ်တမ်းတင်ထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်တွင် သမ္မတထရမ့်က အမှားလုပ်ထားခြင်းမရှိဟု စနေနေ့က ငြင်းဆိုလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

ရှေ့နေက အမှုသည်အား မှတ်တမ်းတင်ထားခြင်းသည် တရားမဝင်ဟုထရမ့်က twitter တွင် ပြောကြားသည်။

ဧပြီလတွင် ကိုဟင်၏အခန်းကို FBI က ဝင်ရောက်စီးနင်းခဲ့ခြင်းကို ရည်ညွှန်းလိုပုံရသော ထရမ့်က “မနက်စောစောစီးစီး ရှေ့နေရုံးခန်းကို အစိုးရက ဖျက်ဝင်တယ်ဆိုတာ စဉ်းစားကြည့်လို့တောင်မရဘူး။ ပိုဆိုးတာက အမှုသည်ကို ရှေ့နေက တိတ်တဆိတ်မှတ်တမ်းတင်ထားတယ်ဆိုတာက တရားမဝင်ပါဘူး။ ကြားတောင်မကြားဖူးဘူး။ သတင်းကောင်းကတော့ ခင်ဗျားတို့ရဲ့ သမ္မတကြီးက အမှားလုပ်ထားတာ မရှိပါဘူး”ဟု ထရမ့်က ပြောဆိုထားသည်။

ထရမ့်နှင့် ဇာတ်လမ်းရှိခဲ့ဖူးသည်ဟု ပလေးဘွိုင်းမော်ဒယ်ဟောင်း ကာရင်းမက်ဒူဂယ်က ပြောဆိုခဲ့သော ဇာတ်လမ်း၏ ရပိုင်ခွင့်ကို ဝယ်ယူရန်အတွက် ၂၀၁၆ ရွေး ကောက်ပွဲမတိုင်မီ နှစ်လအလို စက်တင်ဘာလတွင် ထရမ့်နှင့်ကိုဟင်တို့ ဆွေးနွေးနေစဉ် ကိုဟင်က တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်ဟု ထရမ့်၏ ရှေ့နေဂူလီယာနီက သောကြာနေ့တွင် ရိုက်တာသို့ပြောကြားသည်။

နယူးယောက်ပြည်နယ်တွင် စကားပြောဆိုမှုကို အခြားတစ်ဖက်၏ သဘောတူညီမှုမပါဘဲ အသံဖမ်းထားခြင်းသည် တရားမဝင်ဟု သိရှိရသည်။

ထရမ့်နှင့် ကိုဟင်တို့၏ စကားပြောဆိုမှုတွင် မဲဆွယ်ရန်ပုံငွေအကြောင်းပါဝင်ခြင်းမရှိဟု ဂူလီယာနီကပြောကြားသည်။ ကိုဟင်၏ စီးပွားရေးကိစ္စများကို FBI က စုံစမ်းစစ်ဆေးခဲ့ခြင်းကြောင့် ကိုဟင်သည် လက်ရှိလပိုင်းများအတွင်း ထရမ့်နှင့် ခပ်ခွာခွာနေခဲ့သည်ဟု သိရှိရသည်။ အကယ်၍ မဲဆွယ် ရန်ပုံငွေကိုသုံးစွဲထားပါက ဖက်ဒရယ်ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ပြောကြားသည်။

ကိုဟင်၏ ရှေ့နေလမ်နီဒေးဗစ်ကမူ ထရမ့်နှင့် ဂူလီယာနီတို့၏ မဟာဗျူဟာတွင် ချို့ယွင်းချက်များရှိကြောင်းနှင့် twitter တွင် ကိုဟင်အပေါ် ထရမ့်၏ပြောဆိုမှုများသည် မှားယွင်းကြောင်းစနေနေ့က twitter တွင် တုံ့ပြန်ထားသည်။

ရွေးကောက်ပွဲမတိုင်မီက ထရမ့်၏အဖွဲ့သည် မက်ဒူဂယ်အား ငွေပေးခဲ့ရသည်ဟူသော သတင်းမှန်သမျှကို ငြင်းဆိုခဲ့ကြရာ ယခုအသံဖိုင်သည် ထိုငြင်းဆိုချက်များကို အားနည်းသွားစေနိုင်သည်။

ဂူလီယာနီကမူ အဆိုပါပြောဆိုမှုတွင် မက်ဒူဂယ် ဇာတ်လမ်း၏ ရပိုင်ခွင့်ကိုကိုင်ထားသော နေရှင်နယ်အင်န်ကွာရာ သတင်းစာအား ငွေပေးချေရေးကို ဆွေးနွေးနေခြင်းသာဖြစ်ပြီး ငွေပေးချေမှု လုံးဝမပြုလုပ်ခဲ့ဟု ပြောကြားသည်။

“ဒီအသံဖိုင်ကြောင့် ရှင်းသွားတဲ့အချက်က မက်ဒူဂယ်ဇာတ်လမ်းရဲ့ ရပိုင်ခွင့်ကို AMI က ဝယ်ယူသွားတယ်ဆိုတာပါပဲ”ဟု ဂူလီယာနီက စနေနေ့တွင် ပြောကြားသည်။

AMI သည် နေရှင်နယ်အင်န်ကွာရာ၏ မိခင်ကုမ္ပဏီဖြစ်သည်ဆိုသော အချက်အလက်ကို ကိုဟင်က ထရမ့်အားတင်ပြခဲ့ခြင်းဖြစ်ပြီး AMI ထံမှ ရပိုင်ခွင့်ကိုဝယ်ယူရန် ထရမ့်အား ကိုဟင်က အကြံပြုနေခြင်းဖြစ်သည်ဟု ဂူလီယာနီက ပြောကြားသည်။

F-04