POST TYPE

NEWS

ဒေါက်တာမျိုးမြင့်ရုပ်တု ရန်ကုန်တက္ကသိုလ်တွင်ဖွင့်
23-Jul-2018



ရန်ကုန်၊ ဇူလိုင် ၂၂

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အငြိမ်းစားလည်းဖြစ်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည့် ဒေါက်တာမျိုးမြင့်၏ ပုံတူကြေးရုပ်တုကို သမိုင်းဝင်ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်တွင် ဇူလိုင်လ ၂၂ ရက်က စတင်စိုက်ထူဖွင့်လှစ်ထားရှိသည်။

ဒေါက်တာမျိုးမြင့်သည် နိုင်ငံခြားရေးဒုဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့သည့်အပြင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တို့တွင်လည်း အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး၊ ဒုပါချုပ်၊ ပါမောက္ခချုပ်တာဝန်များအပါအဝင် ပညာရေးလုပ်ငန်းများကို ၄၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆရာဘဝတွင် စည်းကမ်းကြီးသူအဖြစ်လည်း တပည့်များက ပြောဆိုကြသည်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက “ဆရာကြီးရဲ့ရုပ်တုကိုထား ရှိရတဲ့အတွက် ဆရာကြီးတစ်ဦးသာမက စာရေးဆရာတစ်ဦး၊ ကဗျာဆရာတစ်ဦး၊ အတွေးအခေါ်ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ဆရာကြီးဟာ သူ့ခေတ်သူ့အခါအတွက်သာမဟုတ်ဘဲ နောင်မျိုးဆက်သစ်များအတွက်လည်း စံပြတစ်ဦးအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်” ဟု ဇူလိုင်လ ၂၂ ရက်က ပြုလုပ်သည့် ရုပ်တုဖွင့်ပွဲတွင် ပြောကြားသည်။

ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် မဟာဘွဲ့သင်တန်းများ၏ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းများ၊ အခြေခံပညာကျောင်းသုံးစာအုပ်များလည်း ရေးသားခဲ့ကာ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၇ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမျိုးမြင့်နှင့် ကျောင်းနေဖက်သူငယ်ချင်း နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး (သုံးခွ ပြည်သူ့လွှတ်တော်အမတ်) ဒေါ်စုစုလွင်က “ကိုမျိုး (ဒေါက်တာမျိုးမြင့်) လုပ်ခဲ့တဲ့အလုပ်တွေဟာ လူသိတာတွေရှိသလို မသိတာတွေလည်း အများကြီးရှိခဲ့တယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ လုပ်ငန်းတော်တော်များများဟာ သူ့ရဲ့ဦးနှောက်၊ သူ့ရဲ့အကြံပေးမှုတွေ ဒီနိုင်ငံမှာ အများကြီးရှိနေတာ လူတိုင်းအကုန်မသိနိုင်ပါဘူး” ဟု မှတ်ချက်ပေးသည်။

ဒေါက်တာမျိုးမြင့်၏ ပုံတူကြေးရုပ်တုကို တမ္ပဝတီ ဦးအောင်ကျော်ထွန်းက ထုဆစ် ပေးထားခြင်းဖြစ်ကာ ရုပ်တုဖွင့်ပွဲကို တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ သုံးခွ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်၊ ရန်ကုန်ပညာ ရေးတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး (အငြိမ်းစား) ဦးသီဟနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

J-19