News

POST TYPE

NEWS

နတ်သံကွင်းဒေသ စစ်တောင်းမြစ်ကမ်းပါးပြို၍ အိမ်အချို့ ရွှေ့ပြောင်းရမည့်အရေးကြုံ
22-Jul-2018

တောင်ငူ၊ ဇူလိုင် ၂၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ အမှတ် ၅ (က) ရပ်ကွက် စစ်တောင်းမြစ်ကူး တံတားအနီး မြစ်ကမ်းပါးများ ပြိုနေသဖြင့် ကမ်းပါးအနီးတစ်ဝိုက်ရှိ လူနေအိမ်များ ရွှေ့ပြောင်းရမည့်အရေးနှင့် ကြုံကြိုက်နေသည့်အတွက် ယင်းနေရာနေသူများ စိုးရိမ်နေကြကြောင်း ယင်းဒေသခံများက ဆိုသည်။

အဆိုပါ နတ်သံကွင်းဒေသ စစ်တောင်းမြစ်ကူးတံတားနှင့် ကိုက်သုံးလေးရာခန့် အကွာ အမှတ် ၅ (က) ရပ်ကွက်အနီး လူနေအိမ်များနှင့် မြစ်ကမ်းပါးများ နီးကပ်လာခြင်းကြောင့် ဇူလိုင် ၂၁ ရက်နေ့မှစတင်ကာ ဒေသခံများ ကိုယ်ထူကိုယ်ထ သဲအိတ်များချပြီး ကမ်းပါးပြိုကျမှု အန္တရာယ်ကို ကိုယ်ထူကိုယ်ထ ကာကွယ်နေကြသော်လည်း ရေရှည်အတွက် အဆင်မပြေနိုင်ကြောင်း ၎င်းတို့ကဆိုသည်။

“ဟိုးအရင်ကလည်း ကမ်းပါးတွေပြိုလို့ နေအိမ်တွေ ရွှေ့ခဲ့ရသေးတယ်။ အခုလည်း မြစ်ကမ်းပါးနဲ့ လူနေအိမ်တွေနား ဆယ့်လေး၊ ငါးပေလောက်ကပ်နေတဲ့အတွက် ထပ်ပြိုပြီး နေအိမ်ရွှေ့ရမှာ စိုးရိမ်တယ်”ဟု ဒေသခံ ဦးနေလင်းအောင်က ပြောဆိုသည်။

အဆိုပါဒေသ၏ ကမ်းပါးပြိုကျနေသည့် အနေအထားမှာ အနောက်ဘက်ကမ်း ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာတချို့ကဲ့သို့ စိုးရိမ်ဖွယ်မရှိသော်လည်း အုပ်ချုပ်ရေးဌာနနှင့်ပူးပေါင်းကာ မြေနီဂဝံများ ချထားပြီးဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက ပြောကြားသည်။

“တစ်ဖက်ကမ်းကဆို တာဝါတိုင်ကြီးတွေနဲ့ မြစ်ကမ်းပါးက ပေအနည်းငယ်ပဲ ကွာတော့တယ်။ ပိုဆိုးရွားတဲ့ဒေသတွေကို ဦးစားပေးပြီး ဆောင်ရွက်နေရတယ်”ဟု ၎င်းကပြောဆိုသည်။

နတ်သံကွင်းဒေသ ရပ်ကွက်အချို့သည် စစ်တောင်းမြစ်ကမ်းပါးတွင်တည်ရှိပြီး လွန်ခဲ့သည့် နှစ် ၄၀ ခန့်က အိမ်ခြေ ၄၀ မှ ၅၀ ခန့် ကမ်းပါးပြိုခြင်းကြောင့် ရွှေ့ပြောင်းခဲ့ရသော်လည်း နောက်ပိုင်းတွင် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှု မရှိတော့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

R-15