POST TYPE

NEWS

ငွေကြာယံဘုန်းကြီးကျောင်းရှေ့တွင် ဆရာဝန်အမျိုးသမီးတစ်ဦး ရိုက်နှက်အလုခံရ
22-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၂

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ငွေကြာယံဘုန်းကြီးကျောင်းရှေ့ ၁၃ လမ်းတွင် ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက အငှားယာဉ်ပေါ် လိုက်ပါလာသည့် ဆရာဝန်အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးကရိုက်နှက်ပြီး ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများ၊ လက်ကိုင်ဖုန်းနှင့်ငွေများကို လုယူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် အသက် ၃၈ နှစ် ဆရာဝန် အမျိုးသမီးမှာ ဗဟိုအမျိုးသမီး ဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ဖြစ်ပြီး အခင်းဖြစ်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က ၎င်းနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄) ရပ်ကွက်ရှိ နေအိမ်မှ ဝေဇယန္တာလမ်းပေါ်သို့ ထွက်လာပြီး ကားငှားရန်ရပ်စောင့်နေစဉ် ယာဉ်တစ်စီးပေါ်မှ အနက်ရောင်တီရှပ်အင်္ကျီ ဝတ်ဆင်ထားသည် အမျိုးသားက ကားငှားမလားဟု မေးသဖြင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ ကျပ်သုံးထောင့်ငါးရာဖြင့်ငှား၍ လိုက်ပို့ဆောင်ခိုင်းခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် ဆရာဝန်အမျိုးသမီးမှ မော်တော်ယာဉ်မှာ သွားရမည့် လမ်းကြောင်းအတိုင်း မသွားသဖြင့် ယာဉ်မောင်းအားမေးရာ ၎င်းကအိမ်တွင် ပစ္စည်းဝင်ယူရန်ရှိကြောင်း ပြောဆိုပြီး ဝေဇယန္တာလမ်းမှ အမှတ်(၃) ရပ်ကွက်အတွင်းသို့ ယာဉ်ကို ချိုးကွေ့မောင်းဝင်ခဲ့ပြီးနောက် ငွေကြာယံဘုန်းကြီးကျောင်း ရှေ့ ၁၃ လမ်းအရောက်တွင် ယာဉ်ကိုရပ်ကာ ယာဉ်မောင်းက ယာဉ်နောက်ခန်းအတွင်းရှိ ဆရာဝန် အမျိုးသမီး၏ လည်ပင်းကို ညှစ်ခဲ့သည်။

“ကားသမားက နောက်ခန်းကို ကူးလာပြီး ဆရာဝန် အမျိုးသမီးရဲ့ လည်ပင်းကို ညှစ်တယ်။ တွန်းထုတ်လိုက်ပြီး ရှေ့ကိုငိုက်ကျသွားချိန်မှာ ဆရာဝန်က ကားဟွန်းတီးပြီး အကူအညီတောင်းတယ်။ အဲဒီအချိန်မှာ ကားနောက်ခန်းထဲကို နောက်ထပ် အမည်မသိ အမျိုးသမီးတစ်ယောက်က ဝင်လာပြီးတော့ ဆရာဝန်ရဲ့ မျက်လုံးကို လက်နဲ့ပိတ်ထားပြီး ယာဉ်မောင်းက ခေါင်းခန်းထဲမှာပါလာတဲ့ တစ်ပေလောက်ရှိတဲ့ အလူမီနီယံချောင်းနဲ့ ဆရာဝန်ကိုရိုက်နှက်ပြီး ပစ္စည်းတွေလုယူသွားတာလို့ တိုင်ချက်အရ သိရတယ်”ဟု ရဲအရာရှိက ပြောသည်။

ရိုက်နှက်ခံရသည့် ဆရာဝန်အမျိုးသမီးမှာ နဖူး၊ ဦးခေါင်းနှင့် ပါးတို့တွင် ဖူးရောင်ဒဏ်ရာများရခဲ့ပြီး ကျောက်စိမ်း လော့ကတ်သီးပါ ရွှေဆွဲကြိုးတစ်ကုံး၊ စိန်နားကပ်တစ်ရန်နှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ငါးသောင်းတို့ကို လုယူသွားသည့် အမည်မသိ ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့ကို တောင်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း၊ အခင်းဖြစ်ပတ်ဝန်းကျင်ရှိ CCTV  မှတ်တမ်းများအား Control Center တွင် ကြည့်ရှုစုံစမ်းရာ 5D/----  မတ်တူး အဖြူရောင်ယာဉ်ဖြစ်ကြောင်း သိရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03