News

POST TYPE

NEWS

စစ်ကိုင်းတိုင်းရှိ အထင်ကရနေရာများတွင် အဆင့်မြင့်အိမ်သာ အလုံး ၄၀ ကျော် ဆောက်လုပ်
22-Jul-2018 tagged as စစ်ကိုင်း

ကလေး၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်အများစု လာရောက်လည်ပတ်သည့် အထင်ကရနေရာများတွင် အဆင့်မြင့် အိမ်သာ ၄၂ လုံး တည် ဆောက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုညွန်ကြားရေးမှူး ဦးအောင်သူဦးက ပြောကြားသည်။ 

“ခရီးသွားတွေများတဲ့ နေရာတွေ ဆိုရင် သန့်ရှင်းတဲ့ အများသုံးသန့်စင်ခန်း မရှိလို့ ခရီးသွားတွေအတွက် အများကြီး အခက်အခဲဖြစ်တာကို ဖြေရှင်းနိုင်ဖို့”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ အိမ်သာများကို စစ်ကိုင်းမြို့နယ်ရှိ ကနောင်မင်းသားကြီးသံချက်ဖို၊ ကုန်းဘောင်ခေတ်အစေခံခံတပ်၊ မင်းကွန်းဒေသ၊ ဝက်လက်မြို့နယ်အတွင်းရှိ ပျူခေတ် ဟောင်းဟံလင်းဒေသ၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်စသည့်နေရာများ၌ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအိမ်သာများကို ယခုနှစ်စမှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စတင်အသုံးပြုနေပြီဖြစ်ကာ ဇုန်ဝင်ကြေး ပေးဆောင်ထားသည့် ပြည်ပခရီးသွားများထံမှ ငွေကြေးကောက်ခံမည်မဟုတ်ဘဲ ဇုန်ဝင်ကြေးမကောက်ခံထားသည့် ပြည်တွင်းခရီးသွားဧည့်သည်များကိုမူ သန့်စင် ခန်းအသုံးပြုခ ကျပ် ၁၀၀ နှုန်းသတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် ချီးမြှင့်သည့် (Clean Public Toilet Award) သန့်ရှင်းသော အများသုံးသန့်စင်ခန်းဆောင်ရွက်နိုင်မှုဆုကိုလည်း ရရှိထားသည်။

စစ်ကိုင်းတိုင်းအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် အများသုံးအဆင့်မြင့်အိမ်သာများ တည်ဆောက်နေသကဲ့သို့ မုံရွာ- မန္တလေးလမ်း၊ စစ်ကိုင်း- ရွှေဘိုကားလမ်း ၊ ရွှေဘို- ကောလင်း- အင်းတော်- ကသာလမ်း၊ ကံထူးမ- ကလေးစသည့်ကားလမ်းဘေးရှိ စက်သုံးဆီဆိုင်များတွင်လည်း အခမဲ့သန့်စင်ခန်းများတည်ဆောက်ပြီး အသုံးပြုနိုင်ရေးဆောင်ရွက်ထားခဲ့ပြီးနောက် ယခု ကဲ့သို့ ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။