POST TYPE

NEWS

ရခိုင်ရိုးရာရက်ကန်း လုပ်ကိုင်သူများ နည်းပညာလိုအပ်
22-Jul-2018



စစ်တွေ၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ် ရိုးရာထည်များ ရက်လုပ်သည့် ရက်ကန်းလုပ်ကိုင်သူများ နည်းပညာနှင့် အရင်းအနှီး လိုအပ်နေကြောင်း ၎င်းတို့ထံမှသိရသည်။

ရိုးရာရက်ကန်းထည်များကို ဈေးကွက်သို့ ထိုးဖောက်လာနေချိန်ဖြစ်ပြီး ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှဝယ်ယူနေကြရ ကာချည်များကိုလည်း ကိုယ်တိုင်ဆေးဆိုးနိုင်သော အတတ်ပညာများ လိုအပ်ခြင်းအပြင် စက်ရက်ကန်းများလည်း လိုအပ်နေကြောင်း၊ အစိုးရအနေနင့် ရက်ကန်းလုပ်ငန်းသာမက အသေးစားလုပ်ငန်းများကိုလည်း အကူအညီပေးစေလိုကြောင်း စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာရှိ ရွှေကျားရက်ကန်း စက်ရုံပိုင်ရှင် ဒေါ်မအေးက ပြောသည်။ 

“စိန်ခေါ်မှုပေါင်းမြောက်မြားစွာကို ကျော်ဖြတ်ပြီးလုပ်နေရတယ်၊ ကျွန်မတို့ဆီမှာ နည်းပညာ လိုအပ်နေပါသေးတယ်၊ မိရိုးဖလာ အိမ်အောက်မှာပဲ ကိုယ့်စင်လေးနဲ့ တစ်ပိုင်တစ်နိုင် လုပ်လာတာကနေ ဈေးကွက်ပေါက်အောင် စက်ရုံထောင်ပြီး လုပ်တဲ့အခါကျတော့ ကျွမ်းကျင်တဲ့ ဆရာတွေနဲ့ ခေါ်သင်ရတယ်၊ လိုအပ်တဲ့ပစ္စည်းတွေကလည်း ဒီဒေသမှာမရှိဘူး”ဟု ဒေါ်မအေးက ပြောသည်။

ရွှေကျားရက်ကန်းစက်ရုံ၌ ရက်ကန်းစင် ၁၀၀ ကျော်ဖြင့် လည်ပတ်နေပြီး အမျိုးသမီး အဝတ်အထည်များဖြစ်သော ပုဏ္ဏမီ၊ ခိုင်မာလာနှင်းဆီ၊ မာယာဒေဝီ၊ မာယာထောင်ချောက်စသည့် ချိတ်ထဘီနှင့် အထည်မျိုးစုံ၊ အမျိုးသားဝတ်တို့ကို ရက်လုပ်ကာရောင်းချကြောင်း၊ အခြားသော ရက်ကန်းလုပ်ကိုင်သူများကလည်း ယင်းနည်းအတိုင်း ရက်လုပ်ရောင်းချလျက်ရှိသည်။ 

ရခိုင်ပြည်နယ်တွင် ရိုးရာလုပ်ငန်းများ တဖြည်းဖြည်းပျောက်ကွယ်လာပြီး လက်ရှိ စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာ၌ ရက်ကန်းစက်ရုံ တစ်ခုရှိပြီး ဝါဘို၊ တောကံ၊ ဂန့်ဂေါ်ကျွန်း၊ သိန်းတန် စသည့် ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ကိုင်မှုများရှိသည်။ 

“အခုရခိုင်လုံချည်တွေရောင်းအားကောင်းလာတယ် ဆိုပေမယ့် အရင်းအနှီးက လိုပါတယ်။ အရင်းအနှီး ထုတ်ပေးကြရင် ဒီထက်ပိုပြီးတော့ တိုးတက်လာမယ်။ ကျွန်မတို့ရွာမှာဆို လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်တယ်၊ အဓိကတော့ မီးလိုအပ်တယ်”ဟု ဝါဘိုကျေးရွာမှ တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ကိုင်နေသူ ဒေါ်မတင်သိန်းက ပြောသည်။

ဝါဘိုကျေးရွာရှိ အမျိုးသမီးအများစုမှာ မိရိုးဖလာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြရာ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ရန် လူ့စွမ်းအားကို အသုံးပြုခြင်းဖြင့် အဆင်မပြေကြောင်း၊ အစိုးရအထောက်အပံ့ဖြင့် လုပ်ငန်းမြှင့်တင်ရန် လိုအပ်နေကြောင်း ရက်ကန်းလုပ်ကိုင်သူများက ဆိုကြသည်။

ရခိုင်ရက်ကန်းထည်များကို ရခိုင်ပြည်နယ်အနှံ့ ရောင်းချနေရပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မင်းပြားမြို့နယ်များမှ ဝယ်ယူကြကြောင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။ 

R-22