POST TYPE

NEWS

ခွဲစိတ်ခန်း ၁၂ ခန်းပါသည့် ငါးထပ်အဆောက်အအုံသစ် ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖွင့်လှစ်
22-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၁

ကိုယ်ဝန်ဆောင် မီးဖွားလူနာဆောင်များ၊ ခွဲစိတ်မွေးဖွားပြီး လူနာဆောင်များအပြင် ခွဲစိတ်ခန်း ၁၂ ခန်းပါဝင်သည့် ငါးထပ်ဆောင် အဆောက်အအုံအသစ်ကို ဗဟိုအမျိုးသမီးဆေးရုံကြီးဝင်းအတွင်း ဖွင့်လှစ်ခဲ့ကြောင်း ယင်းဆေးရုံကြီး၏ဆေးရုံအုပ်ကြီး ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။

“ဒီခွဲစိတ်ခန်း ၁၂ ခန်းမှာ ၇ ခန်းကို ဖွင့်နိုင်ပြီ။ ကျန်တဲ့အခန်းတွေကိုလည်း ဆက်လက်ဖွင့်သွားမယ်။ ဒီတော့ ခွဲစိတ်တာတွေ ပြိုင်တူလုပ်နိုင်မယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ငါးထပ်ဆောင်အသစ် ဆောက်လုပ်ခြင်းနှင့် စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းအတွက် ကျပ်သန်းပေါင်း ၄၀၇၁ ဒသမ ၅၉ သုံးစွဲခဲ့ကြောင်း၊ ယင်းအဆောက်အအုံသစ်တွင် အရေးပေါ်ဌာန၊ နေ့ပိုင်းစောင့်ကြပ်ကြည့်ရှုရန် လိုအပ်သောလူနာများကို ကုသပေးရန်ဌာန၊ ကိုယ်ဝန်နုစဉ် သွေးဆင်း၊ ဗိုက်နာသော လူနာများကို ကြည့်ရှုကုသပေးသောဌာန၊ သွေးလှူဘဏ်နှင့် ၂၄ နာရီ ဓာတ်ခွဲခန်း၊ သားဖွားခန်း၊ ကိုယ်ဝန်ဆောင်လူနာခန်းများ၊ မွေးပြီးစလူနာခန်းများ၊ အထူးကြပ်မတ်ကုသဆောင်၊ ခွဲစိတ်ပြီးလူနာဆောင်၊ ခွဲစိတ်ခန်းများ၊ စာသင်ခန်းများပါဝင်ကြောင်း ယင်းဆေးရုံ၏အချက်အလက်များတွင် ဖော်ပြထားသည်။

ဗဟိုအဆင့် သားဖွားမီးယပ်ဆိုင်ရာ အထူးကုဆေးရုံကြီးဖြစ်သည့် ဗဟိုအမျိုး သမီးဆေးရုံကြီးသည် ခုတင် ၈၀၀ ဆံ့ ဆေးရုံကြီးဖြစ်ပြီး ၁၈၉၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအသစ်ဆောက်လုပ်လိုက်သည့် ငါးထပ်ဆောင်တွင် လူနာဦးရေ ၂၀၀ ခန့် ထပ်မံတိုးမြှင့်ကုသနိုင်မည်ဖြစ်ကြောင်း၊ ယင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆေးရုံထံမှသိရသည်။

J-12