POST TYPE

NEWS

ကုမ္ပဏီပိုင်ရှင်ကို ကြေးစားငှားပြီးသတ်သည့်အဖွဲ့ ဖမ်းမိ
22-Jul-2018



ရန်ကုန်၊ ဇူလိုင် ၂၁

လှိုင်သာယာ-တွံတေး ကားလမ်း တွံတေးမြို့နယ် တမာတကောကျေးရွာအနီးတွင် ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးကို ကြေးစားငှား၍ သတ်ခိုင်းသည့်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အသတ်ခံရသူ အသက် ၅၉ နှစ် ဦးခင်မောင်ထွေးမှာ ရွှေတောင်တန်းလမ်းတွင် နေထိုင်သော ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် အသိမိတ်ဆွေများနှင့် ၎င်းသွားလာတတ်သည့် နေရာများကို မိသားစုဝင်များက လိုက်လံစုံစမ်းရာ တွံတေးမြို့နယ်၊ အိုင်ကြီးကျေးရွာသို့ အလုပ်ကိစ္စဖြင့်သွားရောက်ကြောင်း သတင်းရသဖြင့် လှိုင်သာယာ-တွံတေး ကားလမ်း တွံတေးမြို့နယ် တမာတကော ကျေးရွာအနီးတွင် Misubishi အမျိုးအစားမော်တော်ယာဉ်ပေါ် ဦးခေါင်းခန်း ဒရိုင်ဘာထိုင်ခုံပေါ်တွင် ဘယ်ဘက်သို့ လဲကျလျက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

အခင်းဖြစ်နေရာမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ငါးသိန်းကျော်အပြင် အခြားသက်သေခံပစ္စည်းများကို သိမ်းဆည်းခဲ့ပြီးနောက် ယင်းအမှုနှင့်ပတ်သက်၍ မသင်္ကာသူ မောင်မောင်အေး (ခ) မောင်အေးကို ဇူလိုင်လ ၁၈ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ သေဆုံးသူ ဦးခင်မောင်ထွေးမှာ လယ်ယာမြေများ ဝယ်ခြင်း၊ အပေါင်ခံခြင်းနှင့် သီးစားချခြင်းလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မောင်မောင်အေး (ခ) မောင်အေးက ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ မောင်မောင်အေးသည် ပျိုတိုး (ခ) မျိုးလွင်နှင့်အတူ ကုမ္ပဏီပိုင်ရှင် ဦးခင်မောင်ထွေးထံမှ ငွေများပိုမိုယူထားခြင်း၊ လယ်ပိုင်ရှင်များထံမှ လယ်မြေများအပေါင်ခံထားပြီး ရရှိသည့် အတိုးများကို ပြန်မပေးဘဲ သုံးစွဲထားခြင်းနှင့် လယ်ပိုင်ရှင်များထံမှ ပုံစံ (၇) များ ရယူ၍ သူဌေးဖြစ်သူထံ ပေါင်နှံထားပြီး ပြန်လည်မရွေးနိုင်ခြင်းတို့ကြောင့် ဦးခင်မောင်ထွေးကိုသတ်ရန် တိုင်ပင်ခဲ့ကြကြောင်း ဖမ်းမိသူများက ရဲတပ်ဖွဲ့ထံတွင် ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။

ယင်းနောက် ကြည့်မြင်တိုင်တစ်ဖက်ကမ်း စက်ကလေးရပ်ကွက်တွင် နေထိုင်သော အောင်အောင် (ခ) ဘကြီးအောင်၏ အဆက်အသွယ်ဖြင့် ကြေးစားလူသတ်သမား တိုးအောင် (ခ) အသေးလေးကို ကျပ်သိန်း ၁၅၀ ဖြင့် ငှား၍ ကုမ္ပဏီပိုင်ရှင် ဦးခင်မောင်ထွေးကို သတ်ဖြတ်ခိုင်းခဲ့သည်။

“အခင်းဖြစ်နေ့မှာ သူတို့အဖွဲ့က ကုမ္ပဏီပိုင်ရှင်ကို အပေါင်ခံထားတဲ့ လယ်မြေတွေ အမည်ပေါက် ပြောင်းလဲပေးဖို့ လာခဲ့ဆိုပြီး ချိန်းလိုက်တယ်။ ချိန်းတဲ့နေရာကို သူဌေးကရောက်လာတော့ ကြေးစားလူသတ်သမားကို မြေစာရင်းဝန်ထမ်းလို့ပြောပြီး သူဌေးကားပေါ် တင်ပေးလိုက်တယ်။ သူတို့က နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာကြပြီး အထက်တမာတကော ရွာနားအရောက်မှာ ကြေးစားလူသတ်သမားက ကားရပ်ခိုင်းပြီး ကုမ္ပဏီပိုင်ရှင် ဦးခင်မောင်ထွေးကို ဓားနဲ့ထိုးသတ်ပစ်လိုက်တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ လေးဦးကို ဖမ်းမိပြီးနောက် ကုမ္ပဏီပိုင်ရှင်ကို သတ်ပေးရန် စရန်ပေးထားသည့် ငွေကျပ် ၁၁ သိန်းမှ ခြောက်သိန်းကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ကြေးစား လူသတ်သမား တိုးအောင် (ခ) အသေးလေးမှာ ၂၀၀၂ ခုနှစ်က တာမွေ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ်များတွင် ခိုးမှု ၁၁ မှုဖြင့် ထောင်ဒဏ် ၃၇ နှစ် ကျခံခဲ့ဖူးပြီး အောင်အောင် (ခ) ဘကြီးအောင်မှာ ၁၉၈၆ ခုနှစ်က ဆိပ်ကမ်းမြို့နယ်တွင် လုယက်မှုဖြင့် ထောင်သုံးနှစ်ကျကာ ၁၉၉၉ ခုနှစ်တွင် ဘုရင့်နောင် မြစ်ကူးတံတားအောက်တွင် သင်္ဘောတစ်စင်းကို လုယူမှု အပါအဝင် အခြားအမှုသုံးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခဲ့ဖူးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

S-03