News

POST TYPE

NEWS

ညောင်လေးပင် စားကျက်မြေ ကျူးကျော်စိုက်ပျိုးမှု ဒုသမ္မတထံတိုင်
တောင်ငူ၊ ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဲဇလီကုန်းကျေးရွာအနီး မြေဧက ၃၅၀ ကျော်ရှိသည့် စားကျက်မြေကို ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံအချို့က ကျူးကျော်စိုက်ပျိုးလုပ်ကိုင်နေခြင်းကို တားမြစ်ပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ တိုင်ကြားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

အဆိုပါစားကျက်မြေသည် မိဘဘိုးဘွားများ လက်ထက်ကတည်းက စားကျက်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် သီးစားချထား လုပ်ကိုင်ခွင့်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ပြဿနာများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အခု အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေက ဆက်လုပ်နေကြတော့ ကျွဲ၊ နွား တိရစ္ဆာန်တွေအတွက်မကဘူး ရွာသုသာန်သွားဖို့ လမ်းပါပျောက်သွားတယ်”ဟု ယင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မဲဇလီကုန်းကျေးရွာ စားကျက်မြေ ပြဿနာနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးဌာန အဖွဲ့ဝင်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီးဖြစ်ကာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ပြန်လည်တင်ပြလာမှသာ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် မြေယာပြဿနာဖြေရှင်းရေးအဖွဲ့က ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲအောင်က ပြောကြားသည်။

အဆိုပါစားကျက်မြေကို မဲဇလီကုန်းကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ၊ ကြံဘိုကျေးရွာအပါအဝင် ကျေးရွာငါးရွာခန့်မှ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွားများ မှီခိုနေကြရသည်မှာ နှစ် ၆၀ ခန့်ရှိပြီဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် စားကျက်မြေကို သီးစားခချထား လုပ်ကိုင်ခွင့်ပေးခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူနှင့် ဒေသခံလယ်သမား ၂၅ ဦးကျော်ခန့် ရယူလုပ်ကိုင်သွားခဲ့သည်။

R-15