POST TYPE

NEWS

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း စတင်မိတ်ဆက်
22-Jul-2018



ရန်ကုန်၊ ဇူလိုင် ၂၁

တိုင်းရင်းသားမျိုးနွယ်စု ရှစ်မျိုးကိုအခြေခံ၍ မျိုးနွယ်စုတစ်ခုချင်းစီအလိုက် မဲပေးစနစ်နှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။

မျိုးနွယ်စုတစ်ခုချင်းစီအလိုက် မဲပေးစနစ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦးကို မတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အသင်း၏အခြေခံသည် ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် အသင်းကြီးဖြစ်ရန်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကိုအခြေခံ၍ စီးပွားရေးလုပ်ဆောင်ကြရန် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နာယက ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။ 

“ဒီအသင်းကို တိုင်းရင်းသား ၁၃၅ မျိုးလုံးရဲ့ ဘဝတွေအောင်မြင်နိုင်ဖို့နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ နိမ့်ကျနေတဲ့ဘဝတွေကို အထိုက်အလျောက် တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကာကြိုးစား သွားပါမယ်”ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးယောဆက်က ပြောဆိုသည်။

အသင်းအနေနှင့် လာမည့် ၁၈ လအတွင်း အသင်းသားများကို ရနိုင်သမျှစုစည်း၍ အသင်းညီလာခံခေါ်ယူကာ အလုပ်အမှုဆောင်အသစ်များကို ထပ်မံရွေးကောက် တင်မြှောက်၍ ပုံမှန်လည်ပတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့် လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်း၍အကြံဉာဏ်များပေးကြရန်နှင့် ပံ့ပိုးကူညီပေးကြရန် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစံက ပြောကြားသည်။

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မိတ်ဆက်ပွဲကို တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

J-11