News

POST TYPE

NEWS

မုန်တိုင်းကြောင့် ရခိုင်နှင့်ဒေသအချို့ နေရာကွက် မိုးကြီးမည်
22-Jul-2018



ရန်ကုန်၊ ဇူလိုင် ၂

ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ရာ ယင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

“လေဖိအားနည်းရပ်ဝန်းက အိန္ဒိယကမ်းခြေအနားမှာ ဆက်ရှိနေပြီး ကမ်းခြေဝင်ခါနီးမှာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်။ ဒါကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းတို့မှာ မိုးအားကောင်းနေနိုင်ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ခြင်း မရှိသော်လည်း ယင်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုပိုနိုင်ကြောင်း ယင်းဌာနက ခန့်မှန်းထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေ ခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

E-03