News

POST TYPE

NEWS

ချင်းတွင်းသင်္ကြန်တွင် မီဒီယာများထောက်ပံ့ငွေ မယူခဲ့ဟုဆို
မုံရွာ၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဦးဆောင်ကျင်းပခဲ့သည့် သဲသောင်ပြင် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် မီဒီယာများကို ထောက်ပံ့ကြေးငွေ ကျပ်ငါးသိန်းရှိသည်ဟု တိုင်းအစိုးရ၏ ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားမှုနှင့်ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိကြောင်း MRTV နှင့် SKY NET မှ တာဝန်ရှိသူများက ပြောကြားသည်။ 

ချင်းတွင်းသင်္ကြန်ပွဲတော်ကို မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းသဲသောင်ပြင်တွင် တိုင်းအစိုးရ၏စီမံချက်ဖြင့် ကျပ်သိန်း ၄၃၀၀ အကုန်အကျခံ ကျင်းပခဲ့ကြောင်း ငွေစာရင်းရှင်းတမ်းကို ဇူလိုင်လ ၁၈ ရက်နေ့က ရှင်းလင်းခဲ့ရာတွင် MRTV၊ MWD နှင့် SKY NET မီဒီယာသမားများအား ထောက်ပံ့ငွေ ကျပ်ငါးသိန်းဟု ယင်းစာရင်းတွင် ဖော်ပြထားသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ အဆိုပါသတင်းဌာနမှ တာဝန်ရှိသူများထံဆက်သွယ်မေးမြန်းရာတွင် မြဝတီသတင်းဌာနထံ ဇူလိုင်လ ၂၁ ရက် ညနေပိုင်းအထိ ဆက်သွယ်၍ မရသေးဘဲ ကျန်သတင်းဌာနနှစ်ခုမှ မီဒီယာသတင်းသမားများကမူ ၎င်းတို့အနေနှင့် ထောက်ပံ့ကြေး တစ်စုံတစ်ရာ ရယူထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“ဖွင့်တဲ့ရက် မနက်ပိုင်းရိုက်ပြီး ပြန်သွားတာပါ။ ဘယ်လိုထောက်ပံ့တဲ့ငွေ ကြေးမှမရခဲ့ပါဘူး”ဟု ချင်းတွင်းသင်္ကြန် ဖွင့်ပွဲနေ့တွင် မန္တလေးမြို့ MRTV ရုံးမှ လာရောက်ရိုက်ကူးသည့် သတင်းထောက်တစ်ဦးက ပြောဆိုသည်။

မိမိတို့အနေနှင့် သတင်းရိုက်ကူးမှုနှင့် ပတ်သက်၍ တိုင်းအစိုးရထံမှ ငွေကြေးကို ရယူထားခြင်းမရှိကြောင်း၊ ယင်းသို့ စာရင်းရှင်းတမ်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးထံသို့လည်း မေးမြန်းရမည်ဖြစ်ကြောင်း မုံရွာမြို့ SKY NET တာဝန်ခံ ဦးဘိုဘိုဌေးညွှန့်က ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှာ ခရီးစဉ်သွားနေသည့်အတွက် မီဒီယာများအား ထောက်ပံ့ငွေပေးသည်နှင့် ပတ်သက်သည်များကို ၎င်းပြန်လာမှသာ မေးမြန်းပါရန် တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပွဲတော်ကျင်းပရေးတွင် ဘဏ္ဍာရေး တာဝန်ယူခဲ့သည့် ဥက္ကဋ္ဌဖြစ်သူ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးကို ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရခဲ့သဖြင့် အဖွဲ့ဝင်အဖြစ်လုပ်ဆောင်ခဲ့သူ ဦးကျော်ဝင်းလှိုင်ကို မေးမြန်းရာတွင် ငွေကြေးတာဝန်ယူခြင်းမရှိခဲ့ကြောင်း တာဝန်ယူသူမှာ ဦးမြတ်ကျော်ကျော်သာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးမြတ်ကျော်ကျော်မှာ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က တိုင်းအစိုးရ အတွင်းရေးမှူးတာဝန်မှ နုတ်ထွက်ခဲ့ပြီးဖြစ်သည်။

R-08