POST TYPE

NEWS

အမ်း မြေသယံဇာတ ဆွေးနွေးပွဲ ရဲတပ်ဖွဲ့ ဟန့်တား
22-Jul-2018

စစ်တွေ၊ ဇူလိုင် ၂၁ 

အမ်းမြို့နယ် ရွှေအမ်းတောင်ခန်းမတွင် ဇူလိုင်လ၂၁ ရက် နံနက် ၉ နာရီက ကျင်းပသောဒေသခံ တောင်သူလယ်သမားများ မြေယာနှင့် သယံဇာတ ဆွေးနွေးပွဲကို ရဲတပ်ဖွဲ့ဟန့်တားသဖြင့် ဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ရကြောင်း ဦးဆောင်သူများထံမှသိရသည်။ 

ဆွေးနွေးပွဲတွင် တရားလွှတ်တော် ရှေ့နေတစ်ဦး၊ အထက်တန်းရှေ့နေ တစ်ဦးနှင့် ဦးစိုးသိန်းတို့ ဦးဆောင်ကာ အမ်းမြို့နယ်အတွင်း တပ်သိမ်းမြေများနှင့် ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် သိမ်းဆည်းမြေများကို ဥပဒေကြောင်းအရ တောင်းဆိုရမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးရန် မြို့နယ်ရဲတပ်ဖွဲ့ထံ တင်ပြခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် အမ်းဒေသခံ ဦးမျိုးလွင်က ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် သိမ်းဆည်း မြေကိစ္စနှင့် ကျောက်ဖြူမြို့ ဒေသခံ ဦးထွန်းကြည်က သယံဇာတကိစ္စတို့ကို ဆွေးနွေးမည်ဖြစ်၍ အာဏာပိုင်များက လာရောက်ဟန့်တားခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဦးစိုးသိန်းထံမှ သိရသည်။

“ကျွန်တော်ဖြတ်သန်းဖူးတဲ့ မြေယာနဲ့ သယံဇာတ အခွင့်အရေးကိစ္စတွေ၊ လူမှုရေးလုပ်နေတဲ့ ကာလတစ်လျှောက်မှာ ဒါပထမဆုံး ဟန့်တားခံရတာဆိုတော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးနေပြီ လားလို့၊ အလွန်တင်းကျပ်တဲ့ ပုံစံတစ်ရပ်ရပ်နဲ့ အုပ်ချုပ်တာကတော့ ဒီမိုကရေစီ လမ်းကြောင်းကိုလွဲနေတာ ဒါနည်းစနစ်တစ်ခု မဟုတ်ဘူး”ဟု ဦးထွန်းကြည်က ပြောသည်။

ရဲတပ်ဖွဲ့ လာရောက်ဟန့်တားချိန်တွင် ၎င်းတို့ ဟောပြောရန် လာရောက်ခြင်းမဟုတ်ဘဲ ဆွေးနွေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ညှိနှိုင်းခဲ့သော်လည်း လက်မခံသဖြင့် ကျင်းပချိန် ၂ နာရီအကြာတွင် ရပ်ဆိုင်းလိုက်ကြောင်း၊ ဆွေးနွေးပွဲတက်ရောက်လာသူများ အနေနှင့် မည်သူမဆို ဆွေးနွေးမည်ဖြစ်ရာ ကန့်သတ်သည်မှာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ၎င်းက ဆိုသည်။

ဦးထွန်းကြည်သည် ကျောက်ဖြူဒေသခံ တစ်ဦးဖြစ်ပြီး မြေယာနှင့် သဘာဝသယံဇာတအရေးနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူဖြစ်ပြီး အမ်းမြို့နယ်ဒေသခံ ဦးမျိုးလွင်မှာ ကျောက်ဖြူ ဓာတ်ငွေ့ပိုက် လိုင်းတစ်လျှောက် အမ်းမြို့နယ်တွင် ပျက်စီးဆုံးရှုံးသောမြေယာများနှင့် သိမ်းဆည်းခံထားရသော မြေယာများအရေးကို လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး ငြိမ်းစုစီဥပဒေ ပုဒ်မဖြင့် တရားစွဲခံထားရသူဖြစ်သည်။ 

ဆွေးနွေးပွဲပြုလုပ်ရန် ငြိမ်းစုစီ တင်ပြစဉ်က ဟောပြောမည့်သူ သုံးဦးသာ တင်ပြထားသော်လည်း အခမ်းအနားအစီအစဉ် စာရွက်တွင် ဟောပြောမည့်သူ ၅ ဦး ဖြစ်နေသဖြင့် ဥပဒေနှင့် ညီညွှတ်မှုမရှိကြောင်းကို သွားရောက်သတိပေးခြင်းသာ ဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းက ပြောသည်။ 

“သူတို့ ဥပဒေကို မသိမှာစိုးလို့ သွားသတိပေးလိုက်တာ ပွဲကိုဖျက်ခိုင်းတာမဟုတ်ဘူး။ သူတို့က ငြိမ်းစုစီတင်ပြီးတော့ လုပ်ကြတာကို၊ သူတို့တင်တဲ့ အခါ ၅ ယောက်ပြောမယ်ဆို အစကတည်းက ၅ ဦးတင်ပေါ့။ ဆွေးနွေးတာကတော့ ရပါတယ်”ဟု ၎င်းက ပြောသည်။  

R-22