News

POST TYPE

NEWS

မြဝတီတွင် သောင်ရင်းမြစ်ရေတက်သဖြင့် လူငါးရာကျော် ရွှေ့ပြောင်း
22-Jul-2018 tagged as မြ၀တီ မြစ်ရေ



ဘားအံ၊ ဇူလိုင် ၂၁

သောင်ရင်းမြစ်ရေတက်မှုကြောင့် မြဝတီမြို့တွင် ရေကြီးရေလျှံမှုဖြစ်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် လူငါးရာကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုဇော်က ပြောကြားသည်။

“စိုးရိမ်ရေအမှတ်စရောက်ပြီဆိုတာနဲ့ မနေ့ညကစပြီး ပြည်သူလူထုကို စတင်ဆော်ဩခဲ့တယ်။ ဒီနေ့မနက်ပိုင်းကစပြီး ကျွန်းတောဈေးရယ်၊ ကျွန်းတော ဘုန်းကြီးကျောင်းရယ်မှာ ကယ်ဆယ်ရေးစခန်း စဖွင့်တာ”ဟု ဦးဖြိုးကိုကိုဇော်က ရှင်းပြသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ကိုးနဝင်းဘုန်းကြီးကျောင်းသို့ အိမ်ထောင်စုသုံးစု၊ လူဦးရေခုနစ်ဦး၊ ကျောက်ဖြာဓမ္မာရုံသို့ အိမ်ထောင်စုသုံးစု လူဦးရေ ၂၀ ဦး၊ ကျွန်တောဈေးတွင် အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၄၉၀ ဦးကို ပြောင်းရွှေ့နေရာချထားပေးထားသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

“အခုက ရေနည်းနည်း ပြန်ကျသွားတယ်။ ယိုးဒယားဘက်ကနေ ဆည်ဖောက်ချဖို့ အစီအစဉ်ရှိတယ်လို့လည်း ကြားနေရတယ်။ ဒီအတိုင်းဆို ပြဿနာမရှိပေမယ့် ဆည်ဖောက်ချမယ်ဆိုရင်တော့ အခြေအနေဆိုးလာနိုင်တယ်။ ကျွန်တော်တို့လည်း အရေးပေါ်အခြေအနေမှာ ပြောင်းရွှေ့နိုင်ဖို့ ပြင်ဆင်ထားတယ်”ဟု မြဝတီမြို့နယ် အမှတ် (၅) ရပ်ကွက် ငစိန်လမ်းနေ ဦးတိုးလေးက ပြောကြားသည်။

ယခုကဲ့သို့ ရုတ်တရက်ဖြစ်ရခြင်းမှာ တောင်ကျရေကြောင့် ဖြစ်နိုင်ကြောင်း၊ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၄၇၇ စင်တီမီတာရှိပြီး ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ တိုင်းတာချက်အရ ၄၄၀ စင်တီမိတာတွင်ရှိနေသည်ဟု မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

R-17