News

POST TYPE

NEWS

အထည်ချုပ်စက်ရုံများအပါအဝင် လှိုင်သာယာစက်ရုံ ၁၄ ခု ပိတ်သိမ်း
22-Jul-2018



ရန်ကုန်၊ ဇူလိုင် ၂၁

အထည်ချုပ်နှင့် လက်ခစားစက်ရုံများအပါအဝင် အသေးစားနှင့်စက်မှု လက်မှုလုပ်ငန်း ၁၄ ခု ဩဂုတ်လကုန် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ဒါဟာ လှိုင်သာယာစက်မှုဇုန် တစ်ခုတည်းကို လုပ်ထားတဲ့စာရင်းဖြစ်တယ်။ တခြားဇုန်တွေကိုတော့ စာရင်းမကောက်ရသေးဘူး။ အခုစက်ရုံတွေရဲ့ စာရင်းအရ အလုပ်သမားသုံးထောင်ကျော်ဟာ အလုပ်လက်မဲ့ဖြစ်မယ့် အနေအထားပါ။ ဒါဟာ စိတ်မကောင်းစရာဖြစ်သလို လက်ရှိအခြေအနေကို ကျွန်မတို့အစိုးရအနေနဲ့ သတိပြုစရာအချက်တစ်ခုအနေနဲ့ ထောက်ပြခြင်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပိတ်သိမ်းမည့်စက်ရုံများသည် အသေးစား စက်မှုလက်မှုလုပ်ငန်း (SME) များ ဖြစ်သောကြောင့် ယင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် ငွေကြေးထောက်ပံ့မှုသာမက နည်းပညာကူညီမှုများလည်း အဓိကဆောင်ရွက်ရန်လိုပြီး ဈေးကွက်အတွင်း တရားမဝင် တင်သွင်းရောင်းချမှုများရှိနေသည့် ထုတ်ကုန်များကိုလည်း သက်ဆိုင်ရာက ကြပ်မတ်မှုများလုပ်ရန်လိုကြောင်း ဒေါ်စန္ဒာမင်းက ဆက်လက်ပြောဆိုသည်။

ပိတ်သိမ်းသည့်စက်ရုံများတွင် အစားအသောက်၊ အထည်ချုပ်၊ ဖိနပ်၊ ငါးဖမ်းပိုက်၊ ပဲသန့်စင်၊ ရေခဲမုန့်၊ အအေးခန်း စသည့်လုပ်ငန်းများပါဝင်ပြီး ယင်းလုပ်ငန်းများတွင် အလုပ်သမား ၉ ဦးမှ ၉၀၀ ကျော်အထိ အလုပ်အကိုင် အခွင့်အလမ်းပေးထားသည့် လုပ်ငန်းအမျိုးအစားများ ပါဝင်သည်။

“အထည်ချုပ်လောကက ကပ်ရောဂါတစ်ခုအသွင် ဖြစ်နေတာလေ။ အင်အားနည်းတဲ့သူကတော့ အရင်ပိတ်ရမှာပဲ။ ထုတ်လုပ်မှုကုန်ကျစရိတ်က ကြီးနေတော့ ဘယ်ရပ်တည်နိုင်မလဲ”ဟု အထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုသည်။

စက်ရုံအလုပ်ရုံများအနေနှင့် လုပ်ငန်းရပ်တည်ရန် လိုအပ်သော လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အခွန်အခ စသည့် အခြေခံအဆောက်အဦများ ပြည့်စုံမှုမရှိသည့်အပြင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာများတွင်လည်း ရှိပြီးသားဥပဒေများကို တိကျစွာလိုက်နာ ကျင့်သုံးမှု နည်းပါးခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်း ဖြစ်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်မှ တာဝန်ခံဒါရိုက်တာတစ်ဦးက မှတ်ချက်ပြုသည်။

“စက်ရုံတွေ ပိတ်သိမ်းတယ်ဆိုတာကတော့ ဘာကြောင့်ပိတ်တယ်ဆိုတာကို သေသေချာချာ စိစစ်ကြပ်မတ်ဖို့တော့လိုမယ်။ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ တချို့သောစက်ရုံပိုင်ရှင်တွေရဲ့ စီမံခန့်ခွဲမှုအားနည်းတာတွေကြောင့်လည်း ပိတ်သိမ်းတာတွေ ဖြစ်နိုင်တယ်။ တချို့သော စက်ရုံပိုင်ရှင်တွေက ဒီနေရာမှာပိတ်ပြီး နောက်တစ်နေရာမှာ နာမည်တစ်ခုနဲ့ ဖွင့်တာတွေတော့ရှိတယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့၏ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ဆိုသည်။

လက်ရှိ အစိုးရတာဝန်ယူသည့် ၂ နှစ်ကျော်အတွင်း အထည်ချုပ်စက်ရုံ ၆၀၀ အထိ တိုးတက်လာကြောင်း ဇူလိုင်လ ၆ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သည့် ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

လှိုင်သာယာမြို့နယ်ရှိ Seduno (Myanmar) Fashion အထည်ချုပ်စက်ရုံက စက်ရုံငှားရမ်းခ မြင့်လာခြင်းနှင့် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ခြင်းကြောင့် ဆက်လက်လည်ပတ်ရန် မဖြစ်နိုင်၍ ဇူလိုင်လ ၁ ရက်ကစတင်ပိတ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ 

J-14