News

POST TYPE

NEWS

ငွေကျပ်သုံးသိန်း ပြန်မဆပ်နိုင်သည့် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်
21-Jul-2018 tagged as

ရန်ကုန်၊ ဇူလိုင် ၂၁

ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၊ ဗိုလ်တိုက်ချွန်းလမ်းသွယ်ရှိ ကျူးကျော်နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၁၉ ရက် ည ၁၀ နာရီခွဲက အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး အကြွေးငွေ ကျပ်သုံးသိန်းကို ပြန်မဆပ်နိုင်သောကြောင့် ၎င်းကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကြိုးဆွဲချသေဆုံးသူ အမျိုးသားမှာ ပန်းရန်လုပ်ကိုင်သူဖြစ်ပြီး မိုးတွင်းကာလ အလုပ်အကိုင် မရှိသောကြောင့် ချေးငှားထားသည့် အကြွေးငွေ ကျပ်သုံးသိန်းကို ပြန်မဆပ်နိုင်သဖြင့် မိသားစုဝင်များ နေအိမ်တွင်မရှိချိန် မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း မိသားစု၏ ထွက်ဆိုချက်အရ ရဲအရာရှိက ရှင်းပြသည်။

“အလုပ်မရှိ အကြွေးကတင်နေတော့ စိတ်ညစ်ပြီး သေဆုံးသူက အရက်တွေပဲ လှိမ့်သောက်ခဲ့တယ်လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက ပြောတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရဖို့ အလောင်းကို ဆေးရုံပို့အပ် စစ်ဆေးထားပြီး ရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ရေးဖွင့်ထားပါတယ်”ဟု ရဲအရာရှိကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးအဆင်မပြေမှု၊ ရောဂါဝေဒနာ ခံစားမှုများအပြင် လူမှုရေးကိစ္စ အခက်အခဲများ ရင်ဆိုင်နေရသူတို့မှ မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု တစ်နှစ်လျှင် ၇၀ မှ ၁၀၀ နီးပါးရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

  • TAGS