News

POST TYPE

NEWS

YBS ၂၁ လိုင်း ကုမ္ပဏီဒါရိုက်တာကို ငွေအလွဲ သုံးစားမှု ရှင်းပေးရန် ရှယ်ယာရှင်များ တိုင်ကြား
21-Jul-2018 tagged as YBS


ရန်ကုန်၊ ဇူလိုင် ၂၁
 
Power Eleven ကုမ္ပဏီနှင့် အကျိုးတူရှယ်ယာများ ထည့်ဝင်၍ YBS ၂၁ ယာဉ်လိုင်းကို ပြေးဆွဲခဲ့ရာတွင် ငွေအလွဲသုံးစားမှုများ ရှိသည်ဆိုကာ ဖြေရှင်းပေးရန် ယင်းကုမ္ပဏီ၏အုပ်ချုပ်မှု ဒါရိုက်တာ ဦးတရုတ်လေးကို ရှယ်ယာရှင် ၁၇ ဦးက YRTA တွင် တိုင်ကြားထားကြောင်း ယာဉ်ပိုင်ရှင်၊ ရှယ်ယာရှင် ဦးထိန်ဝင်းက ပြောကြားသည်။

“အန်ကယ်က ရှယ်ယာရှင် ၁၇ ဦးကို ကိုယ်စားပြုဖြေပေးတာ ဖြစ်တယ်။ ကိုတရုတ်လေး (ခေါ်) ဦးသက်တင်ဝင်းက စီမံခန့်ခွဲမှု လွဲမှားနေတယ်။ ငွေကြေး အလွဲသုံးစားမှု ရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး YRTA ကိုတိုင်တာ။ ဒီလို ငွေကြေး အလွဲသုံးစားမှုကြောင့် ရှယ်ယာရှင် ၁၇ ဦးက ကုမ္ပဏီပြောင်းတာပါ”ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၄ ရက်က တိုင်ကြားမှုတွင် Power Eleven ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးတရုတ်လေး၏ လွဲမှားသော စီမဲခန့်ခွဲမှုအား လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူပေးပါရန်နှင့် စုံခုံဖွဲ့၍ စစ်ဆေးနေသော ကာလအတွင်း ဌာနအကြီးအကဲများ၏ ဂုဏ်သိက္ခာ ညိုးနွမ်းစေသော စကားများ ပြောဆိုထားသည့် အသံဖိုင်ပါ CD ခွေ တစ်ချပ်နှင့် ပူးတွဲတိုင်ကြား တင်ပြထားခဲ့သည်။

ဦးတရုတ်လေးကိုYRTA  အဖွဲ့ထံ မေလ ၁၅ ရက်က ကနဦး တိုင်ကြားရာတွင် ဧပြီလစာရင်းတွင် ပါဝင်ခဲ့သော ယာဉ် ၈၃ စီးကို ယာဉ်တစ်စီးလျှင် အုပ်ချုပ်မှုစရိတ်အဖြစ် ကျပ်တစ်သိန်းယူခြင်း၊ Gifts and Donation ဟု ကျပ် ၃၂ သိန်း ဖြတ်တောက်ထားခြင်း၊ ယာဉ်မောင်းထမင်းစရိတ်နှင့် ယာဉ်မောင်းစားသောက်စရိတ် နှစ်မျိုးဖော်ပြကာ ဖြတ်တောက်ခြင်း၊ နေ့စဉ် ငွေပုံးဖောက်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ကုမ္ပဏီ အသင်းအဖွဲ့ စည်းကမ်းအရ အစည်းအဝေးများကို တစ်ကြိမ်တစ်ခါမှ ကျင်းပခဲ့ခြင်း မရှိခြင်း၊ တစ်တစ်စီးလျှင် CCTV တပ် ဆင်ရန် ကျသင့်ငွေ ကောက်ခံထားသော်လည်း တပ်ဆင်ပေးခြင်းမရှိခြင်းစသည့် အချက်ပါ ၁၂ ချက်ကို တင်ပြတိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆင့်ဆင့် တိုင်ကြားမှုများ ဆောင်ရွက်ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စစ်ဆေးကြားနာမှု မပြီးပြတ်သေးဘဲ အမှန်တရား ဖော်ထုတ်ရေးကို တိမ်းစောင်းစေရန် နှောက်ယှက်မှုအား အရေးယူပေးပါရန် ဇူလိုင်လ ၁၇ ရက်က တိုင်းလွှတ်တော်တွင် ထပ်မံတိုင်ကြားခဲ့သည်။

“လက်ရှိ ဒီကိစ္စကို စုံခုံဖွဲ့စစ်ဆေးနေချိန်မှာ “မီဒီယာတွင် စစ်ဆေးသော်လည်း အဖြေမပေါ်ပါ”ဟု ငွေကြေးအလွဲသုံးစားမှု မပြုလုပ်ထားသည့်အတိုင်း ဖြေကြားထားတာတွေ့တယ်။ တကယ်တော့ စစ်လို့က မပြီးပြတ်သေးဘူး။ နောက် တိုင်ကြားပြီးနောက်မှာ Gifts and Donation အတွက် အသုံးစရိတ် ၃၂ သိန်းကို ပြန် ဖြည့်ပေးလိုက်တယ်။ ဒါဟာ သိသာလွန်းသွားတယ်”ဟု ဦးထိန်ဝင်းကဆိုသည်။

၎င်းတို့အနေနှင့် ယာဉ်စီးရေ ၃၅ စီးကို ကုမ္ပဏီပြောင်းရွေ့ရေး၊ နစ်နာမှုရှိသည့် ရှယ်ယာရှင်များ၏ နစ်နာသော ငွေကြေး ပြန်လည်ရရှိရေး၊ အပြစ်ရှိသူကို ဥပဒေကြောင်းအရ အရေးယူရေး စသည့်အချက်များကို လိုလားဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေကြောင်းအရ အရေးယူခြင်းကို စောင့်စားမည်ဖြစ်ပြီး အရေးမယူပါက ၎င်းတို့ကိုယ်တိုင် ကုမ္ပဏီစည်းကမ်းချက်ပါအတိုင်းနှင့် တရားဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယာဉ်ပိုင်ရှင် ၁၇ ဦးသည် အွန်လိုင်းပေါ်တွင်လည်း ငွေကြေးအလွဲသုံးစားမှု ရှိသည်ဟု သတင်းဖြန့်ခြင်းများလည်းရှိပြီး ယင်းတို့မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများဖြစ်ကာ ၎င်းအနေနှင့် ငွေကြေး အလွဲသုံးစားများရှိပါက ဥပဒေအရ ဆောင်ရွက်နိုင်ကြောင်း Power Eleven ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်း (ခ) ဦးတရုတ်လေးက ပြောကြားသည်။

“သူတို့ဘက်က ဘယ်လိုပဲ တိုင်ကြားတာတွေလုပ်လုပ် ကျွန်တော့်ဘက်က ဘာပြောချင်လဲမေးရင် ဘာမှမပြောချင်ဘူး။ ရှင်းရှင်းလေးပါ ငွေကြေးအလွဲ သုံးစားလုပ်ရင် တရားစွဲလိုက်ပြီးနေတာပဲ”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး YRTA  အနေနှင့် ဇွန်လဆန်းကတည်းက ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ဇွန်လကုန်တွင် စစ်ဆေးမှုခံယူမှုပြီးစီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တကယ် အလွဲသုံးစားလုပ်ခဲ့ရင် အရေးယူခံရမှာပေါ့။ အလွဲသုံးစား မလုပ်ခဲ့ဘူးဆိုရင် အဖြေကရှင်းသွားမှာပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာလည်း မဆန်းပါဘူး။ ကျွန်တော် မမှားဘူး။ ကြိုက်သလောက် တိုင်ပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ယာဉ်ပိုင်ရှင် ၁၇ ဦးသည် ထပ်မံ၍ ငွေကြေးအလွဲသုံးစားမှု ရှိ၊ မရှိနှင့်ပတ်သက်၍ တိုင်းပို့ဆောင်ဆက်သွယ်ရေးနှင့်စက်မှု လက်ရေးရာကော်မတီထံ တိုင်ကြားမှုများရှိပြီး ဇူလိုင်လ ၁၆ ရက် ကြားနာစစ်ဆေးမှု ခံယူခဲ့ကာ ငွေစာရင်းအင်းကို ဇူလိုင်လ ၂၃ ရက်တွင် သွားရောက်တင်ပြမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA  ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

J-06