News

POST TYPE

NEWS

ဟောင်ကောင်တွင် လွတ်လပ်ရေးလိုလားသောပါတီကို ရဲက ပိတ်ပင်ရန် ကြိုးစား
20-Jul-2018 tagged as ဟောင်ကောင်



ဟောင်ကောင်၊ ဇူလိုင် ၁၉

ဟောင်ကောင်ကျွန်း၏ လွတ်လပ်ခွင့်များအတွက် စိုးရိမ်မှုများ ကြီးထွားနေချိန်တွင် လွတ်လပ်ရေးလိုလားသော အုပ်စုတစ်စုကို ပိတ်ပင်ရန် ရဲက ကြိုးစားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းတွင် ဘေဂျင်းက ချုပ်ကိုင်မှုတင်းကျပ်ရန် ကြိုးစားမှုကြောင့် အဆိုပါပိတ်ပင်မှု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်မမှ ခွဲထွက်ရေးကို အားပေးသော လွတ်လပ်ရေးလိုလားသော ပါတီကို ပိတ်ပင်ရန် ဟောင်ကောင်ရဲက အင်္ဂါနေ့တွင် စတင်လုပ်ဆောင်ခဲ့သည်။

ဟောင်ကောင် အမျိုးသားပါတီ HKNP ထူထောင်သူ အင်ဒီချန်းအား ၎င်း၏ပါတီ အဘယ်ကြောင့် မပိတ်သင့်ကြောင်းကို စာဖြင့်ထုချေလွှာတင်ပြရန် ဩဂုတ်လ ၇ ရက်အထိ အချိန်ရမည်ဟု ဟောင်ကောင်လုံခြုံရေးဗျူရိုက အကြောင်းကြားစာ ပေးပို့ခဲ့သည်။

အမျိုးသားလုံခြုံရေး၊ ပြည်သူများ တည်ငြိမ်အေးချမ်းရေး၊ လူ့အခွင့်အရေး ကာကွယ်ရေးတို့နှင့်ပတ်သက်သော အကျိုးစီးပွားအတွက် HKNP ၏ လှုပ်ရှားမှုကို တားမြစ်ရန် လိုအပ်သည်ဟူသော အကြံပြုချက်ကို လုံခြုံရေးဌာနအတွင်းဝန်က လက်ခံရရှိထားသည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။ ဟောင်ကောင်ကျွန်းကို ၁၉၉၇ တွင် ဗြိတိန်ထံမှ တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံပြီးနောက်ပိုင်း နိုင်ငံရေးပါတီတစ်ခုကို ပိတ်ပင်ရန် ကြိုးစားခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။

HKNP ကို ပိတ်ပင်ရန် ရဲဌာနက တောင်းဆိုလာမှုအပေါ် စဉ်းစားသုံးသပ်နေသည်ဟု ဟောင်ကောင်လုံခြုံရေးအတွင်းဝန် ဂျွန်လီးက ပြောကြားသည်။

“ဟောင်ကောင်မှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိပေမယ့် အကန့်အသတ်မရှိတဲ့ ရပိုင်ခွင့်တစ်ခု မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

HKNP ထူထောင်သူ အင်ဒီချန်းက ရှေ့နေများနှင့် တိုင်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လွတ်လပ်ရေးအတွက် ဆက်လက်တွန်းအားပေးသွားမည်ဟု ကတိပေးခဲ့သည်။

“လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာတို့အတွက် အားထုတ်မှုကို ဘယ်တော့မှ မရပ်ပါဘူး”ဟု အင်ဒီချန်းက ပြောကြားသည်။

ဟောင်ကောင်ကျွန်းသည် ပြည်မကြီးတွင်မရှိသော လွတ်လပ်စွာပြောဆိုခွင့်နှင့် စုဝေးခွင့်များကို ရရှိထားသော်လည်း သမ္မတရှီကျင့်ဖျင်လက်ထက် ဖိအားပြင်းလာသော တရုတ်နိုင်ငံကြောင့် အဆိုပါ အခွင့်အရေးများ ထိခိုက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။

ဟောင်ကောင်တွင် ၂၁၀၄ ခုနှစ်က မအောင်မြင်သော ဒီမိုကရေစီဆန္ဒပြပွဲများ နောက်ပိုင်းတွင် လွတ်လပ်ရေးလိုလားသော လှုပ်ရှားမှုများ အရှိန်ရလာခဲ့သည်။

လွတ်လပ်ရေးလိုလားသော စည်းရုံးလှုံ့ဆော်သူများအား အုပ်ချုပ်ရေးပိုင်းရာထူးနှင့် လွှတ်တော်ကိုယ်စားလှယ်နေရာ ယှဉ်ပြိုင်ခွင့်ကို အာဏာပိုင်များက တားမြစ်ကန့်သတ်ထားသည်။ အင်ဒီချန်းသည် ဥပဒေပြုကောင်စီသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခြင်းခံထားရပြီး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အက်ဒဝပ်လောင်းသည်လည်း ၂၀၁၆ တွင် ရဲနှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။  

F-04