News

POST TYPE

NEWS

နှစ်ရှည်အလုပ်လက်မဲ့ဖြစ်မှုများကို ယူရို ၄ ဘီလီယံကျော်သုံးကာ တိုက်ဖျက်မည့်စီမံချက်ကို ဂျာမန်အစိုးရသဘောတူ


ဘာလင်၊ ဇူလိုင် ၁၉

ဂျာမနီနိုင်ငံတွင် နှစ်အတန်ကြာ အလုပ်လက်မဲ့ဖြစ်သူများအတွက် အလုပ်အကိုင် ထောက်ပံ့ဖန်တီးပေးမည့် အစီအစဉ်တစ်ရပ်ကို ဂျာမန်အစိုးရအဖွဲ့က မီးစိမ်းပြ သဘောတူလိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနကရေးသားဖော်ပြသည်။ 

“လူမှုလုပ်သားဈေးကွက်”ဟု အမည်ပေးထားသည့် အဆိုပါစီမံချက်က အလုပ်လက်မဲ့ဖြစ်နေသည့် ပြည်သူထောင်ပေါင်းများစွာကို ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်သည်ဟု ဂျာမန်အစိုးရက ယုံကြည်ထားသည်။ 

ဂျာမန်အလုပ်သမားဝန်ကြီး ဟျူဘားတပ်စ်ဟိုင်းလ်က တင်သွင်းသည့် ဥပဒေမူကြမ်းကို ကက်ဘိနက်အဖွဲ့က ဗုဒ္ဓဟူးနေ့က သဘောတူညီလိုက်ခြင်းဖြစ်သည်။ ငါးနှစ်တာမျှအကောင်အထည်ဖော်မည့် အဆိုပါအစီအစဉ်ကြောင့် နှစ်ကာလကြာမြင့်စွာ အလုပ်လက်မဲ့ဖြစ်ခဲ့သည့် ဂျာမန်ပြည်သူများ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည် ဖြစ်သည်ဟု DW သတင်းက ဆိုသည်။ 

အဆိုပါ ငါးနှစ်တာစီမံချက်အတွက် ယူရိုငွေ ၄ ဒသမ ၆၅ ဘီလီယံသုံးစွဲသွားမည်ဖြစ်ပြီး ထောက်ပံ့ဖန်တီးပေးမည့် အလုပ်အကိုင်တစ်ခုအတွက် နှစ်စဉ် ယူရို ၂၄၀၀၀ ကုန်ကျမည်ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနက တွက်ချက်ခန့်မှန်း ထားသည်။ အဆိုပါအစီအစဉ်ကို အဓိပတိ မာကယ်လ်ဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့၏ မဟာမိတ်ပါတီဖြစ်သော လက်ဝဲယိမ်း SPD ပါတီက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ 

ယူရိုငွေဘီလီယံနှင့်ချီကာ ငါးနှစ်တာမျှ စရိတ်စိုက်ထုတ်ကာ အလုပ်အကိုင်ဖန်တီးမည့်ကိစ္စသည် အချိန်အားဖြင့် လွန်စွာကြာမြင့်လွန်းသည်ဟူသော ဝေဖန်မှုများကို အလုပ်သမားဝန်ကြီး ဟျူဘားတပ်စ်ဟိုင်းလ်က လက်မခံကြောင်း ထုတ်ဖော်ပြောဆိုသည်။ အလုပ်မလုပ်ကိုင်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့သူများအနေနှင့် လုပ်ငန်းခွင်တွင် ပုံမှန်အသားတကျဖြစ်အောင် အချိန်လိုအပ်သောကြောင့် ငါးနှစ်တာ သတ်မှတ်ရခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ 

“သူတို့ (အလုပ်လက်မဲ့) တွေအနေ နဲ့ ရေရှည်အမြင်ရဖို့လိုတယ်”ဟု ၎င်းက ZDF ရုပ်သံသို့ ပြောကြားသည်။ 

ဂျာမနီနိုင်ငံရှိ အလုပ်လက်မဲ့ဦးရေ ရှစ်သိန်းခန့်အနေနှင့် အဆိုပါ “လူမှုလုပ်သား ဈေးကွက်” အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အေဂျင်စီများအနေနှင့် မည်သူမည်ဝါသည် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိမည်ဟူသောအချက်ကို ဆုံးဖြတ်ပေးရမည်ဖြစ်သည်။ 

သို့သော် အဆိုပါဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေးအတွက် ဘွန်ဒါစတာ့ခ်ပါလီမန်၏ အတည်ပြုချက်ရရှိရန် လိုအပ်နေသေးသည်ဟု သတင်းက ဆိုသည်။  

F-01