POST TYPE

NEWS

ချင်းပြည်နယ်အတွင်း စာသင်ကျောင်းဆောင် ၉၀ ကျော် တည်ဆောက်ရန် လျာထား
20-Jul-2018

ကလေး၊ ဇူလိုင် ၁၉

ချင်းပြည်နယ်အတွင်း စာသင်ကျောင်းဆောင် ၉၂ ဆောင် တည်ဆောက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားကြောင်း ချင်းပြည်နယ်၊ ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ စာသင်ဆောင်များကို ဘတ်ဂျက် ကျပ် ၁၉၈၅ ဒသမ ၂၆၇ သန်း အသုံးပြုပြီး ၂၀၁၈-၂၀၁၉ ခြောက်လ ဘတ်ဂျက်တွင် တည်ဆောက်ရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဘတ်ဂျက်ကို ပညာရေးဝန်ကြီးဌာနက ဘဏ္ဍာငွေမလုံလောက်မှုကြောင့် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စမည့် ၂၀၁၈-၂၀၁၉ တစ်နှစ်တာ ဘတ်ဂျက်တွင် ပြန်လည်ထည့်သွင်းကာ တည်ဆောက် ခွင့်ပြုမည်ဖြစ်သည့်အတွက် ပွင့်လင်းရာသီတွင် ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အဆိုပါရုံးထံမှသိရသည်။ 

“ဒီနှစ်ခြောက်လဘတ်ဂျက်နဲ့ တစ်နှစ်ဘတ်ဂျက်ပေါင်းပြီးတော့ တည်ဆောက်ဖို့ အစက စဉ်းစားတာ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နောက်တစ်နှစ်လုံးလုံး ဆောက်လို့ရပါသေးတယ်ဆိုပြီးတော့ ခြောက်လဘတ်ဂျက်ကို နောက်ဆုတ်လိုက်တာ။ အချိန်ကို တစ်နှစ်ခွဲကြီး မယူဘဲနဲ့ တစ်နှစ်ပဲယူပြီး ခါတိုင်းလို တစ်နှစ်ယူလိုက်တဲ့ သဘောပါ”ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဗန်ရိုထန်းက ပြောဆိုသည်။ 

ချင်းပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၁၄၄၃ ကျောင်းရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းကြောင့် အမှန်တကယ်လိုအပ်နေသည့် စာသင်ကျောင်းများတွင် အဆောက်အအုံများ အမြန်ဆုံးတည်ဆောက်ပေးရန် လိုအပ်နေပြီး စာသင်ဆောင်များ မလုံလောက်ခြင်းနှင့် ဒေသခံများ တည်ဆောက်ထားသည့် စာသင်ကျောင်းများမှာလည်း ပျက်စီးနေပြီဖြစ်သည့်အတွက် မိုးရာသီ ကာလစာသင်ကြားရေးတွင် အခက်အခဲဖြစ်နေရကြောင်း ရပ်မိရပ်ဖများနှင့် ဆရာ၊ ဆရာမများက ပြောကြားသည်။ 

R-20