News

POST TYPE

NEWS

ထွန်းတောက် အိမ်အကူ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ထွက်ပြေးတိမ်းရှောင်
ရန်ကုန်၊ ဇူလိုင် ၁၉

သီဟတင်စိုးကို အမှုဖွင့်တိုင်ကြားမှုနှင့် ပတ်သက်ပြီး ထွန်းတောက် အိမ်အကူ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး တိမ်းရှောင်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

တာမွေ ၁၅၃ လမ်းထိပ်တွင်ရှိသော ထွန်းတောက် အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်နှင့် ခင်ပွန်းဖြစ်သူ ဦးဌေးဝင်းတို့၏ နေအိမ်ကို တာဝန်ရှိသူများက ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ရာတွင် မတွေ့ရှိကြောင်း ဗျိုင်းရေအိုးစင် ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

“အိမ်မှာ ရှိတဲ့သူတွေ မေးကြည့်တော့ ဦးဌေးဝင်းတို့ လင်မယားက မြို့ထဲ ၃၅ လမ်းမှာ ဖွင့်ထားတဲ့ ဆဲဗင်းဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေးရုံးခန်းကို သွားတယ်ပြောတယ်။ ကျန်တဲ့အပိုင်းတော့ အစ်ကိုလည်း ဆက်မသိတော့ဘူး”ဟု ဗျိုင်းရေအိုးစင် ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးထံမှ သိရသည်။ 

ကျောက်တံတားမြို့နယ် ၃၅ လမ်း အပေါ်ဘလောက်ရှိ ဆဲဗင်းဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေး ရုံးခန်းသို့ The Voice Daily က သတင်းထောက်က သွားရောက်မေးမြန်းရာတွင် ရုံးခန်းအတွင်းရှိ အမျိုးသားတစ်ဦးက ဦးဌေးဝင်းတို့ ဇနီးမောင်နှံ ခရီးသွားနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဆဲဗင်းဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေး ရုံးခန်းမှာ ဦးဌေးဝင်း၏သားဖြစ်သူ အမည်ဖြင့် ဖွင့်လှစ်ထားကြောင်း အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဌေးက ပြောသည်။ 

အဆိုပါ အမှုဖွင့်အရေးယူထားသည့် ဒေါ်မြင့်မှာ ဇူလိုင်လ ၁၄ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊ အသောကလမ်းရှိ အကယ်ဒမီ သီဟတင်စိုး၏ နေအိမ်သို့ လာရောက်ပြီး လျော်ကြေးငွေ ကျပ်သိန်းတစ်ရာ တောင်းယူသည့်အဖွဲ့တွင် ပါဝင်ကြောင်း သရုပ်ဆောင်ဇင်မာဦး၏ အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

သီဟတင်စိုးနှင့် ဇင်မာဦး၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်သည့် အသက် ၄၀ နှစ် မခင်မာမြင့် (ခ) ခင်မာညိုကို ဇူလိုင် လ ၁၃ ရက် ညပိုင်းက သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပွဲစားဒေါ်ညိုက အကယ်ဒမီ မဇင်မာဦးကို ပြောပြ၍ ယင်းကိစ္စကို သက်ဆိုင်ရာသို့ မတိုင်တန်းစေလိုလျှင် လျော်ကြေးငွေ ကျပ်သိန်းတစ်ရာ ပေးရမည်ဖြစ်ကြောင်း ခြိမ်းခြောက်သည့် အမူအရာဖြင့် ပြောဆိုခဲ့ကြောင်း ရဲအရာရှိတစ်ဦးထံမှ သိရသည်။

“ရုတ်တရက် စွပ်စွဲပြောဆိုခံလိုက်ရတော့ မဇင်မာဦးတို့ မိသားစုလည်း အတော်အံ့ဩသွားရှာတာ။ ဒီကိစ္စကို လူသိရှင်ကြားလုပ်ပစ်မယ်လို့ ပွဲစားဒေါ်ညိုက ခြိမ်းခြောက်စကားတွေ ပြောဆိုလာတာကြောင့် စိုးရိမ်ပြီး ပြီးပြီးရောသဘောနဲ့ ငွေဆယ်သိန်းပေးမယ်လို့ ပြောခဲ့တယ်။ ပွဲစားဒေါ်ညိုက အိမ်အပြင်မှာ စောင့်နေတဲ့ အိမ်ဖော်နဲ့ နောက်ထပ်ပါလာတဲ့ အမျိုးသမီးတစ်ယောက်ဆီသွားပြီး တိုင်ပင်ကြတယ်။ ပြီးတော့ အိမ်ထဲ ပြန်ဝင်လာတယ်။ လျော်ကြေးကိစ္စထပ်ပြောလိုက် ခြံအပြင်ထွက်ပြီး သွားတိုင်ပင်လိုက်နဲ့ နောက်ဆုံးမှာ သူတို့တောင်းတဲ့ သိန်းတစ်ရာမရလို့ ပွဲစားဒေါ်ညိုက ချဉ်ပေါင်ဟင်းနဲ့ ကြက်သားလဲမယ်။ မုဒိမ်းမှုနဲ့ အမှုသွားတိုင်မယ်ပြောပြီး ရဲစခန်းလာပြီး သီဟတင်စိုးကို မုဒိမ်းမှုနဲ့ အမှုဖွင့်ခဲ့တာ”ဟု ရဲအရာရှိက ပြောဆိုသည်။

ခြိမ်းခြောက်ငွေတောင်းယူစဉ်က ပွဲစားဒေါ်ညိုနှင့်အတူပါလာသည့် အမျိုးသမီးတစ်ဦးကို စုံစမ်းရာ တာမွေမြို့နယ်၊ ၁၅၃ လမ်းထိပ်သုံးလွှာမှ ထွန်းတောက် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်ဖြစ်ကြောင်း သိရှိခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့က ဒေါ်ညိုနှင့် အိမ်အကူ မခင်မာမြင့် (ခ) မခင်မာညိုတို့ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“ဦးဌေးဝင်းတို့ လာတာတော့ မတွေ့မိဘူး။ ရဲတပ်ဖွဲ့ကလည်း အကြောင်းကြားပြီး လာစစ်ဆေးတာမျိုး အခုထိတော့ မရှိသေးဘူး။ ကျွန်မသိရသလောက်ဆို ဆဲဗင်းဆဲဗင်း ရုံးခန်းက မင်းသား ------- အမည်နဲ့ ဖွင့်ထားတာ”ဟု ဒေါ်ဌေးက ပြောကြားသည်။ 

ထွန်းတောက် အိမ်အကူ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် လင်မယား၏ သားနှင့်သမီးမှာ နယ်ပရိသတ်အကြိုက် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးသရုပ်ဆောင်သူများဖြစ်ပြီး လက်ရှိဦးဌေးဝင်း၏ ဇနီးဒေါ်မြင့်ကို အိမ်အကူ မခင်မာမြင့်၊ အိမ်အကူပွဲစား ဒေါ်ညိုတို့နှင့်အတူ သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၃၈၉/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။ 

S-03