News

POST TYPE

NEWS

ဖားကန့်မြေပြိုမှု အလောင်းသုံးလောင်း ပြန်တွေ့
19-Jul-2018
မြစ်ကြီးနား၊ ဇူလိုင် ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက် နေ့ မွန်းလွဲ၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် တောင်ကမ်းပါးယံပြိုကျမှုမှ မြေပိကာ သေဆုံးသည့် ရုပ်အလောင်းသုံးလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ယင်းမြေပြိုမှု ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါမြေပြိုမှုမှ ပုပ်ပွနေသည့် အလောင်းတစ်လောင်းကို ဇူလိုင်လ ၁၇ ရက်နေ့ကတွေ့ရှိခဲ့ပြီး နောက်ထပ်ရုပ် အလောင်းနှစ်လောင်းကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံ ဦးထွန်းထွန်းက ပြောကြားသည်။

“အလောင်းက ရှာလို့မရတော့ဘူး။ ဒါပေမဲ့ ပုပ်ပွပြီးပြန်ပေါ်လာတဲ့အလောင်းတွေကိုတော့ ပြန်ဆယ်တာလောက်ပဲ”ဟု ၎င်းကဆိုသည်။

အဆိုပါ မြေပြိုခဲ့သည့်နေရာသည် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရန် မြေပြင်အနေအထားအရ ဆက်လက်ရှာဖွေခြင်းမပြုဘဲ ရပ်ဆိုင်းထားကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် တောင်ကမ်းပါးယံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၅ ဦး မြေပိခဲ့ပြီး ၎င်းတို့၏အလောင်းကို ရှာတွေ့ခဲ့ကြောင်း ဖားကန့်ဆေးရုံတွင် တစ်ဦးသေဆုံးကာ မြစ်ကြီးနားဆေးရုံ ပို့ဆောင်သည့် လမ်းခုလတ်၌ နှစ်ဦးထပ်မံသေဆုံးခဲ့ရာ ယခု အလောင်းများ ထပ်မံတွေ့ရှိမှုနှင့်ဆိုပါက သေဆုံးသူ ၂၁ ဦးခန့်ရှိကြောင်း ဆိတ်မူကျေးရွာအုပ်စု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

“နောက်လည်း တိုးလာနိုင်တယ်။ ရွှံ့နွံရေထဲမှာ နစ်မြုပ်သွားတာ အများအပြား ရှိနိုင်ဦးမယ်ဆိုတော့လေ”ဟု ၎င်းကဆိုသည်။

အဆိုပါ မြေပြိုမှုကြောင့် သေဆုံးသူ အများစုရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာ ဖားကန့်ဆေးရုံ၊ မြစ်ကြီးနားဆေးရုံနှင့် လုံးခင်းဆေးရုံတို့၌ ဆေးကုသခံနေကြောင်း အချို့မှာ ဒဏ်ရာသက်သာ၍ ပြန်ဆင်းသွားသူများလည်းရှိကြောင်း ဖားကန့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

ယင်းမြေပြိုမှုကြောင့် လူတစ်ရာ ခန့်သေဆုံးနိုင်သည်ဟုလည်း အနီးအနားဝန်းကျင်မှ မျက်မြင်ဒေသခံများက ပြောဆိုထားသည်။

သို့သော် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးမှုနှင့်ပတ်သက်၍ စာရင်း အတိအကျကို မသိရကြောင်း၊ သက်ဆိုင်ရာသို့ လူပျောက်တိုင်ကြားထားသူ သုံးဦးသာရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဖားကန့်ဒေသ၌ ယခုနှစ်အတွင်း မြေပြိုကျမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ အများအပြား သေဆုံးခဲ့သည်။

R-06