News

POST TYPE

NEWS

အယ်လ်ဇိုင်းမားရောဂါကို အချိန်စော၍ သိရှိနိုင်ရေးအတွက် ဘီလ်ဂိတ် ဒေါ်လာ သန်း ၃၀ ထောက်ပံ့


ဝါရှင်တန်၊ ဇူလိုင် ၁၈

ကုဋေကြွယ်သူဌေး ဘီလ်ဂိတ်နှင့် Estee Lauder ဥက္ကဋ္ဌ လီယိုနတ်လော်ဒါတို့က အယ်လ်ဇိုင်းမားရောဂါ စောစီးစွာ စမ်းသပ်သိရှိနိုင်ရေး သုတေသနလေ့လာမှုအသစ်ကို အားပေးရန် သုံးနှစ်အတွင်း ဒေါ်လာ သန်း ၃၀ ထောက်ပံ့သွားမည်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မိုက်ကရိုဆော့ဖ်သူဌေး ဘီလ်ဂိတ်သည် နိုဝင်ဘာလကလည်း အစိုးရနှင့် ကျန်းမာရေးနယ်ပယ်အား Demantia စိတ်ကစဥ့်ကလျားရောဂါအတွက် ကုထုံးများကို အတူတကွ သုတေသနပြု ရှာဖွေရန် ဒေါ်လာ သန်း ၅၀ ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

အယ်လ်ဇိုင်းမားဝေဒနာ ခံစားနေရ သော မိသားစုဝင်များကို ကိုယ်တိုင်တွေ့ ကြုံခဲ့ရသည့်အချက်က ယခုကဲ့သို့ လှူဒါန်း ဖြစ်လာအောင် တွန်းအားပေးခဲ့သည်ဟု ဘီလ်ဂိတ်က ပြောကြားသည်။

Demantia ရောဂါ၏ အဖြစ်များဆုံး လက္ခဏာဖြစ်သော အယ်လ်ဇိုင်းမားဝေဒနာသည် ကမ္ဘာတစ်လွှား လူပေါင်းသန်း ငါးဆယ်ခန့်တွင် ဖြစ်ပွားနေပြီး ၂၀၅၀ တွင် ၁၃၁ သန်းအထိ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

ဂိတ်နှင့် လော်ဒါတို့သည် လော်ဒါ ထူထောင်ထားသော အယ်လ်ဇိုင်းမား ဆေးဝါးလေ့လာရှာဖွေရေး ဖောင်ဒေးရှင်း ADDF မှတစ်ဆင့် ရောဂါစမ်းသပ်သိရှိရေး သုတေသနအစီအစဉ်သို့ ထောက်ပံ့ငွေထည့်ဝင်ခဲ့ကြခြင်းဖြစ်ပြီး ဒေါ်လ်ဘီမိသားစု၊ ချားလ်နှင့် ဟယ်လင်ရှဝပ် ဖောင်ဒေးရှင်းစသော အခြားပရဟိတ အလှူရှင်များကလည်း ပါဝင်ထောက်ပံ့ကြမည်ဖြစ်သည်။ 

ယခုထောက်ပံ့ငွေများသည် ကမ္ဘာတစ်ဝန်း ဆေးပညာနယ်ပယ်၊ ကုသိုလ်ဖြစ် အစီအစဉ်နှင့် ဇီဝနည်းပညာ ကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်များနှင့် ဆေးပညာရှင်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ADDF ၏ ရောဂါ စမ်းသပ်တွေ့ရှိရေး သုတေသနအစီအစဉ်သည် ချက်ချင်း စီးပွားဖြစ်ဝင်ငွေမရနိုင်သော စွန့်စားရမည့် စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံသွားမည်ဟု ဖောင်ဒေးရှင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဆေးဝါးထုတ်လုပ်သူများသည် လူသားတို့၏ မှတ်ဉာဏ်နှင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းတို့ကို ပျက်ယွင်းသွားစေသည့် အယ်လ်ဇိုင်းမားရောဂါ၏ လက္ခဏာများကို ထိန်းချုပ်နိုင်မည့် ကုထုံးရှာဖွေရန်မအောင်မြင်သော စီမံကိန်းများတွင် ဒေါ်လာဘီလီယံများစွာ လောင်းထည့် ရင်းနှီးခဲ့ကြသည်။

စမ်းသပ်ဆေးဝါးများ မအောင်မြင်ရခြင်းမှာ ဆေး၏ကောင်းကျိုးအာနိသင်ကို မရနိုင်လောက်အောင် ဦးနှောက်ပျက်စီးနေသော လူနာများတွင် စမ်းသပ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ရောဂါမရင့်မီ ဆေးဝါးသစ်များကို စမ်းသပ်ဖို့လိုသည်ဟု ပညာရှင်များစွာက ယုံကြည်ကြသည်။

လက်ရှိတွင် အယ်လ်ဇိုင်းမားရောဂါကို အတည်ပြုရန်အတွက် အဓိက အသုံးပြုနေသောနည်းလမ်းများမှာ ဦးနှောက်စကင်ဖတ်ခြင်းနှင့် ကျောရိုးခြင်ဆီ ဖောက်၍ စစ်ဆေးခြင်းတို့ဖြစ်သည်။

သုတေသန စီမံကိန်းအတွက် ထောက်ပံ့မှုကို ထုတ်ပြန်ကြေညာခဲ့သော ဘီလ်ဂိတ်က အနာဂတ်တွင် ပုံမှန်ဆေးစစ်မှုအတွင်း သွေးဖောက်စစ်ရုံဖြင့် အယ်လ် ဇိုင်းမားရောဂါကို အလွယ်တကူ သိရှိနိုင်မည်ဟု ပုံဖော်ပြောကြားခဲ့သည်။

“အဲဒီအနာဂတ်က သိပ်မဝေးတော့ဘူးဆိုတာကို သုတေသနလေ့လာမှုတွေက ညွှန်ပြနေပါတယ်”ဟု ဂိတ်စ်က ပြောကြားသွားသည်။

F-04