News

POST TYPE

NEWS

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိဟု ဝန်ကြီးဟောင်း ဦးအောင်မင်း သုံးသပ်
19-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၈

လက်ရှိ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိကြောင်း ယခင်အစိုးရသမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်းက သုံးသပ်ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၈ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) နှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်တို့၏ ဖက်ဒရယ်ဆိုင်ရာဆောင်းပါးများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာများ တိုးတက်မှုများနှင့် မျှော်လင့်ချက်များ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် သတင်းထောက်အချို့ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ကို ဦးဆောင်ကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့ဆက်သွားရန် နှောင့်နှေးမှုများရှိနေကြောင်း ပြင်ပတွင် ဝေဖန်မှုများရှိနေသည့်အပေါ် ၎င်းက တိုးတက်မှုရှိနေသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

NCA စာချုပ်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ခြင်းကြောင့် ဦးသိန်းစိန်အစိုးရကို ကိုယ်စားပြုပြီး အဖွဲ့ရှစ်ဖွဲ့ လက်မှတ်ထိုးခဲ့ခြင်းသည် ဦးသိန်းစိန်အစိုးရ၏ အောင်မြင်မှုဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် နှစ်ဖွဲ့ထပ်မံလက်မှတ်ရေးထိုးခဲ့ခြင်းသည် NLD အစိုးရ၏အောင်မြင်မှုဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးညီလာခံများကိုလည်း ယခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၉ နှင့် ၂၀၂၀ တွင် နှစ်ကြိမ်စီ စုစုပေါင်းငါးကြိမ် ပြုလုပ်ရန် ပြင်ဆင်ထားသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်နေသည်ဟု ပြောနိုင်ကြောင်းဦးအောင်မင်းက ပြောကြားသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက အကြာကြီးလုပ်ရတာဖြစ်တယ်။ တချို့နိုင်ငံတွေမှာဆို နှစ်ပေါင်းများစွာ ကြာတယ်။ အခုကတော့ တချို့ အားမလိုအားမရဖြစ်မှာပဲ။ ကျွန်တော်မြင်တာကတော့ ရှေ့ကိုသွားနေတာလို့တော့ မြင်တာပေါ့ ငြိမ်းချမ်းရေးကို ဖြေရှင်းနိုင်တဲ့ နည်းစနစ် တစ်ခုတည်းရှိတယ်။ အဲဒါက စားပွဲဝိုင်းမှာ တွေ့ပြီးတော့ ဖြေရှင်းတာပေါ့။ စားပွဲဝိုင်းမှာ တွေ့နေသမျှ ကာလပတ်လုံးတော့ ဒါကောင်းတယ်လို့ ပြောလို့ရတယ် ဒီ Process က မပျက်သေးဘူး”ဟု ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ NCA ကို လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိ NLD အစိုးရ လက်ထက်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် နှစ်ဖွဲ့ ထပ်မံလက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ 

J-08


  • VIA