News

POST TYPE

NEWS

ဒေါ်လာဈေး အမြင့်ဆုံးရောက်
18-Jul-2018 tagged as ဒေါ်လာဈေး


ရန်ကုန်၊ ဇူလိုင် ၁၈

အမေရိကန် ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက်လျက်ရှိရာ ယခုအခါ မြန်မာ့ငွေကြေးဈေးကွက် သမိုင်းတစ်လျှောက် အမြင့်ဆုံး ဈေးနှုန်းတစ်ရပ်အဖြစ် တစ်ဒေါ်လာ ၁၄၂၅ ကျပ်သို့ ရောက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

တပ်မတော် အစိုးရလက်ထက် ၂၀၀၇ ခုနှစ်အတွင်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာ ၁၄၀၀ ကျပ် စံချိန်ကို ယခုလ ဇွန်လ ပထမပတ်အတွင်းက ချိုးဖျက်ခဲ့ပြီး ယခုအခါ ယင်းစံချိန်ကို ထပ်မံချိုးဖျက်လိုက်ခြင်းဖြစ်သည်။

“ဒေါ်လာဈေးတက်တာက တစ်ကမ္ဘာလုံးမှာ တက်နေတာပါ။ တခြား Currency တွေလည်း အကုန်တက်နေတယ်။ အဓိက တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ပို့ကုန်တွေက အမေရိကန်ကို အများကြီး သွားနေတာဆိုတော့ အမေရိကန်ရဲ့ ကုန်သွယ်မှုလိုငွေကို လျော့ကျစေပြီး ဒေါ်လာတန်ဖိုး ထပ်တက်လာစေတာပေါ့။ တစ်ခုရှိတာက ဈေးတွေ အရမ်းတက်နေရင် ရုတ်တရက် ပြန်ထိုးကျတာကို ဖြစ်စေတတ်ပါတယ်။ အခုဈေးထက် ဆက်တက်လာမယ်ဆိုရင်လည်း သွင်းကုန် လျှော့တာတွေ လုပ်လာပြီး Demand သာ လျော့သွားမယ်ဆိုရင် ကျကိုပြန်ကျရမှာပါ”ဟု ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ဦးသန်းလွင်က ပြောဆိုသည်။

အဆိုပါဒေါ်လာဈေးသည် မေလ တတိယပတ်အတွင်းမှ စတင်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး မေလ ၂၂ ရက်နေ့က ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၁၃၅၀ ခန့်သာ ရှိခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၇၅ ကျပ်၊ ပုဂ္ဂလိက ဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၇၃ ကျပ်ခန့်နှင့် ဗဟိုဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၆၄ ကျပ်အထိ မြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ဒေါ်လာဈေးကွက်အတွင်း ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၄၂၅ ကျပ်၊ ပုဂ္ဂလိက ဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၄၂၅ ကျပ်နှင့် ဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၄၁၅ ကျပ်ဈေးရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

S-04