News

POST TYPE

NEWS

မြောက်ပိုင်းပူးပေါင်းအဖွဲ့နှင့် RCSS တိုက်ပွဲကြောင့် နမ္မတူမြို့ နယ်အတွင်းရှိ ကျေးရွာသားတစ်ထောင်ကျော် တိမ်းရှောင်
18-Jul-2018

လားရှိုး၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း ပူးပေါင်းအဖွဲ့ (TNLA, KIA, MNDA, AA)နှင့် RCSS/SSA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံတစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ္မတူမြို့ကျေးရွာ ၉ ရွာမှ နေရပ်စွန့်ခွာသူများကို ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက သီပေါနှင့် နမ္မတူကြားလမ်းပေါ် မိုင်းနားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် နမ္မတူမြို့ပေါ်နှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် မန်စံဘုန်းကြီးကျောင်းသို့ ဒေသခံ ၆၅၀ နှင့် ခရစ်ယာန်ကျောင်းသို့ ဒေသခံ ၄၀၀ အပြင် ပန်လုံဘုန်းကြီးကျောင်း၌ ဒေသခံ ၁၀၀ ခန့် လာရောက်ခိုလှုံ့နေကြောင်း ယင်းအဖွဲ့အတွင်းရေးမှူး ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

လတ်တလော၌ တိုက်ပွဲတိမ်းရှောင်လာသူများကို နေရာချထားပေးပြီး ကူညီကယ်ဆယ်ထားရကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီထောက်ပံ့ပေးရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ ၆၀၀ မှာလည်း လက်ရှိ နမ္မတူမြို့ပေါ်ရှိ စစ်ရှောင်စခန်းများ၌ ခိုလှုံနေရဆဲ ဖြစ်သည်။

သီပေါနှင့် နမ္မတူအကြား ဆက်သွယ်ထားသည့်လမ်းပိုင်းတွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့ နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့မှာ နယ်နိမိတ်ချင်း ဆက်စပ်နေသည့် မြို့များဖြစ်ပြီး နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်မှာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး TNLA နှင့် RCSS/SSAတို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး နမ္မတူမြို့၌ ခိုလှုံနေရသည်။

R-07