POST TYPE

NEWS

ထိုင်းကလေးငယ်များ ဆေးရုံကဆင်း၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ
18-Jul-2018


ချင်းရိုင်၊ ဇူလိုင် ၁၈ 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသရှိ ဂူတွင်း ပိတ်မိနေခဲ့သောကြောင့် ပြည်တွင်းပြည်ပ ကယ်ဆယ်ရေးပညာရှင်များက ခဲရာခဲဆစ် ကယ်ထုတ်ပေးခဲ့ရသော ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့၏ဘောလုံးနည်းပြတို့သည် ဗုဒ္ဓဟူးနေ့တွင် ဆေးရုံမှဆင်းသွားကြကာ ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့်တွေ့ဆုံခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောဝက်လေးများဟုခေါ်သော ဘောလုံးအသင်းမှ အဆိုပါ ကလေးငယ်များနှင့် နည်းပြဖြစ်သူတို့သည် ဆေးရုံမှဆင်းပြီးနောက် အများပြည်သူနှင့်တွေ့ဆုံရန် ရည်ရွယ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ ပြုံးပျော်ရွှင်စွာ ရောက်ရှိလာကြသည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ်ကြားတွင်ရှိသော ယင်းကလေးငယ် ၁၂ ဦးသည် သတင်းစာရှင်းလင်းပွဲ မစတင်မီ သတ်မှတ်ထားသောနေရာ၌ ဘောလုံးလေ့ကျင့်ကစားပြခဲ့ကြသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲ၌ သတ်မှတ်ထားသောထိုင်ခုံများတွင် ဝင်ထိုင်ခဲ့ကြသည်။

“သတင်းမီဒီယာတွေအနေနဲ့ သူတို့လေးတွေကို မေးခွန်းတွေ မေးနိုင်ပါတယ်၊ ဒါပြီးရင် သူတို့လေးတွေဟာ အရင်ကလိုပဲ ပုံမှန်ဘဝမှာ ပြန်လည်နေထိုင်သွားကြတော့မှာဖြစ်ပါတယ်”ဟု ထိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိချုပ် ဆူဆန်းကီဝူကွန်းနတ်က ပြောကြားသည်။ သတင်းစာရှင်းလင်းပွဲကို ၄၅ မိနစ်တာကြာမျှပြုလုပ်ခဲ့ပြီး ရုပ်သံချန်နယ်လိုင်း အတော်များများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။ 

မီဒီယာများ၏ဖော်ပြချက်တွင် ကလေးငယ်များသည် ဆံပင်ခပ်တိုတိုညှပ်ထားပြီး ဂူတွင်းမှလွတ်မြောက်လာခဲ့သည့်အချိန်မှစ၍ ခန္ဓာကိုယ်အလေးချိန် ၆ ပေါင်ကျော်ကျော်စီ တက်လာခဲ့သည်ဟု ဆိုသည်။

F-01