News

POST TYPE

NEWS

MLM လုပ်ငန်းရှင်ထံမှ ရန်ကုန်တိုင်းအစိုးရ အလှူငွေလက်ခံ
17-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၇

MLM လုပ်ငန်းများလုပ်ကိုင်သည့် Mr.Ong Kean Swan က ရန်ကုန်တိုင်းအစိုးရသို့ ငွေကျပ်သိန်း ၂၀၀ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ ဇူလိုင်လ ၁၄ ရက်က လှူဒါန်းခဲ့ကြောင်း တိုင်းအစိုးရ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ယင်းအလှူငွေ လှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါနိုင်ငံခြားသား၏ အလုပ်အကိုင်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ တိုင်းဒေသကြီးအတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ MLM ဈေးကွက်ဖြန့်ချိရေးကို လုပ်ကိုင်နေသည့် နိုင်ငံခြားသားတစ်ဦး၏ အလှူငွေကို လက်ခံခဲ့သည့်အပေါ် ဝေဖန်မှုများရှိနေပြီး အဆိုပါ Mr.Ong Kean Swan သည် မလေးရှားနိုင်ငံ၏ MLM လုပ်ငန်းနယ်ပယ်တွင် ထင်ရှားသူတစ်ဦးဖြစ်ပြီး လောင်းကစားကုမ္ပဏီလုပ်ငန်းများလည်း လုပ်ကိုင်နေသူဖြစ်ကြောင်း အသေးစား ငွေကြေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုစိုးသွင်က ပြောကြားသည်။

“သူက မလေးက MLM လောကမှာတော့ ဆရာတစ်ဆူပဲ။ ပြီးတော့ လိမ်လည်မှုအချို့နဲ့လည်း စွပ်စွဲခံထားရဖူးတဲ့သူ တစ်ယောက်လည်းဖြစ်တယ်။တိုင်း အစိုးရအနေနဲ့ ဒီလိုလက်ခံတာမျိုးကို သေချာစိစစ်သင့်တယ်လို့ထင်တယ်”ဟု ၎င်းကဆိုသည်။

၎င်းသည် ကျန်းမာရေးနှင့် အလှကုန်ပစ္စည်းများ ဖြန့်ဖြူးသည့် Multi-level marketing  ကုမ္ပဏီတစ်ခုတွင် ၂၀၀၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၎င်းတည်ထောင်ထားသည့် MLM ကုမ္ပဏီတစ်ခုသည် မလေးရှား၊ ထိုင်ဝမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံများသို့ ဈေးကွက်ဖြန့်ကျက်ထားသည်။

ရန်ကုန်တိုင်းအစိုးရအနေနှင့် ယင်းသို့ နာမည်ပျက်ရှိသူများထံမှ ငွေကြေးလက်ခံမှုများ မလိုအပ်ဘဲ လုပ်ဆောင်နေခြင်းက အစိုးရ၏ပုံရိပ်ကို ကျဆင်းစေနိုင်ပြီး အစိုးရအနေနှင့် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း လုပ်ဆောင်သင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

“ကျွန်တော်တို့အစိုးရပုံရိပ် ကျတာပေါ့ဗျာ။ ဘာမဟုတ်တဲ့ ပိုက်ဆံ သိန်း ၂၀၀ လောက်နဲ့ ဒီလိုတွေ့ဆုံတာကိုတော့ မလုပ်သင့်ဘူးထင်တယ်ဗျာ”ဟု ၎င်းကဆိုသည်။

၎င်းသည် လက်ရှိတွင် Dream Success International ကုမ္ပဏီနှင့် Surewin4u တို့တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားကြောင်း အင်တာနက်စွယ်စုံကျမ်းမှ သိရသည်။

ယခင်ကလည်း ယင်းသို့ MLM ကုမ္ပဏီများနှင့် အစိုးရအာဏာပိုင်များ တွေ့ဆုံသည့် ဓာတ်ပုံအချို့ ထွက်ပေါ်ခဲ့ဖူးပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။

J-08