News

POST TYPE

NEWS

မြောက်ကိုရီးယား စားသောက်ဆိုင်ဝန်ထမ်းများမှာ ဆန္ဒမပါဘဲ ဘက်ပြောင်းခဲ့ရခြင်းဟု ဆိုင်မန်နေဂျာပြောကြား


ဆိုးလ်၊ ဇူလိုင် ၁၆ 

၂၀၁၆ ခုနှစ်က တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းလာသည့် မြောက်ကိုရီးယား စားသောက်ဆိုင်ဝန်ထမ်း ၁၃ ဦးမှာ တောင်ကိုရီးယားထောက်လှမ်းရေး၏ အတင်းအကြပ်ဘက်ပြောင်းခိုင်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဆိုင်မန်နေဂျာက ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

မန်နေဂျာဟိုကန်အီလ် ကမိမိကို ခြိမ်းခြောက်ခဲ့ကြပြီး သူ့ဆိုင်မှ အမျိုးသမီးဝန်ထမ်း ၁၂ ဦးမှာ ဆိုးလ်မြို့သို့ ခေါ်ဆောင်ခံရစဉ် မည်သည့်နေရာသို့ ခေါ်သွားသည်ဆိုခြင်းကို မသိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ယင်းကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

ယင်းအုပ်စုသည် ၎င်းတို့သဘောဆန္ဒအလျောက် ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ယခင်က ထုတ်ပြန်ထားခဲ့သည်။

စားသောက်ဆိုင်ဝန်ထမ်းများသည် တရုတ်နိုင်ငံ နင်ဘိုမြို့ရှိ မြောက်ကိုရီးယားစားသောက်ဆိုင်တွင် အလုပ်လုပ်နေစဉ် ၂၀၁၆ ခုနှစ်က တောင်ကိုရီးယားဘက်သို့ ခိုလှုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဝန်ထမ်းအမျိုးသမီးများသည် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းများကို ကြည့်ရှုပြီးနောက် မြောက်ကိုရီးယား၏ ဝါဒဖြန့်ချိမှုများကို မယုံကြည်တော့သည့်အတွက် ဘက်ပြောင်းခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်း ထိုစဉ်ကတောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ခဲ့သည်။

အဆိုပါစားသောက်ဆိုင်၏ မန်နေဂျာဟိုကန်အီလ်သည် မြောက်ကိုရီးယားနိုင်ငံသားဖြစ်သော်လည်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးလုပ်ငန်း NIS အတွက် သူလျှိုလုပ်ပေးနေခဲ့သူဖြစ်ပြီး သူသာ တောင်ကိုရီးယားသို့ ဘက်ပြောင်းလာပါက စားသောက်ဆိုင်ဖွင့်နိုင်ရန် စီစဉ်ပေးမည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးက စွဲဆောင်ခဲ့သည်ဟုဆိုသည်။

သူ့ဘက်က အင်တင်တင်ဖြစ်နေသောအခါ NIS က သူ့ကို ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော့်ဝန်ထမ်းတွေနဲ့အတူ တောင်ကိုရီးယားကို မလိုက်ဘူးဆိုရင် NIS နဲ့ ကျွန်တော်ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို မြောက်ကိုရီးယားသံရုံးကို သတင်းပေးလိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တခြားရွေးစရာမရှိတော့ဘဲ ဖြစ်သွားတာပါ” ဟု ၎င်းက ဆိုသည်။

မန်နေဂျာဟိုနှင့် အတူလိုက်ပါလာသည့် အမျိုးသမီးများအနက်မှ အချို့က သူတို့ ဘယ်သွား၍သွားမှန်းမသိဘဲ လိုက်လာခဲ့ရခြင်းဖြစ်သည်ဟု ဖြေဆိုခဲ့ကြောင်း မြောက်ကိုရီးယားလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တော မတ်စ်အိုဂျာကွင်တားနားက ယခုအပတ်အစောပိုင်းတွင် ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ကမ္ဘာတစ်ဝန်းတွင် အလားတူစားသောက်ဆိုင် ၁၃၀ ခန့် ဖွင့်လှစ်နေပြီး ပြည်ပဝင်ငွေရရှိရန် အဖိုးတန်သည့် ရင်းမြစ်တစ်ခုဖြစ်နေကာ နိုင်ငံအပေါ် သစ္စာရှိသူများကိုသာ ထိုစားသောက်ဆိုင်များတွင် ထားရှိလေ့ရှိသည်။

F-03