POST TYPE

NEWS

မိတ္ထီလာတွင် ပန်းရန်လုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံး
17-Jul-2018

မိတ္ထီလာ၊ ဇူလိုင် ၁၆

မိတ္ထီလာမြို့ မြို့မ (၄) နယ်မြေ မင်းရပ်ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် ပန်းရန်လုပ်သားတစ်ဦး ဇူလိုင်လ ၁၆ ရက်နေ့က ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရပ်ကွက်ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ဇူလိုင် ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မင်းရပ် ဖောင်တော်ဦးဘုရားလမ်းရှိ ဦးအောင်ဝင်း၏ခြံဝင်းအတွင်း နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကန်ထရိုက် ဦးကျော်ဝင်းဟိန်းဦးစီးသည့် ပန်းရန်လုပ်သားများသည် သဲဖြည့်ခြင်းနှင့် သဲကျပ်ရန်အတွက် တုန်ခါစက်ကိုအသုံးပြုနေကြောင်း၊ ယင်းသို့လုပ်ဆောင်နေစဉ် ရမည်းသင်းမြို့နယ် မကျီးကုန်းရွာမှ လာရောက်အလုပ်လုပ်သော မောင်ဝဏ္ဏအောင်သည် လျှပ်စစ်ကြိုးအားပခုံးပေါ်တင်၍ တုန်ခါစက်ဖြင့် အလုပ်လုပ်နေရာမှ ဓာတ်လိုက်ကာလဲကျသွားခဲ့ကြောင်း၊ ၎င်းကို မိတ္ထီလာပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနသို့ပို့ဆောင်ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။ 

“အဲဒီကလေးတွေက တခြားမြို့ကနေ ဒီကိုလာပြီး အလုပ်လုပ်တာ နည်းနည်းတော့ကြာပါပြီ။ ဖောင်တော်ဦးဘုရားမှာပဲတည်းပြီး အလုပ်ဆင်းတာ။ ကျွန်တော်သွားကြည့်တဲ့အချိန်မှာ သူ့ကို ဆေးရုံခေါ်သွားပါပြီ”ဟု ဖောင်တော်ဦးဘုရားလမ်းတွင်နေထိုင်သော အမျိုးသားတစ်ဦးက ပြောဆိုသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရေးအတွက် မိတ္ထီလာ မြို့မရဲစခန်းက သေမှုသေခင်းအမှတ် (၁၅/၂၀၁၈) ဖြင့် ရေးဖွင့်ထားပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-01