News

POST TYPE

NEWS

ရိုက်တာသတင်းထောက်ရေးခဲ့သော သတင်းသုံးပုဒ် သက်သေအဖြစ်လက်မခံ
17-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၆

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက်၏ ရခိုင်ပြည်နယ်ပဋိပက္ခတွင် ဖြစ်ပွားခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ရေးသားခဲ့သည့် သတင်းသုံးပုဒ်ကို သက်သေအဖြစ် တင်သွင်းခဲ့ရာ တရားရုံးက လက်မခံခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးကို ဇူလိုင်လ ၁၆ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးစဉ် တရားသူကြီးက သတင်းထောက်ကိုဝလုံး တင်ပြသည့် သတင်းသုံးပုဒ်သည် သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ (ဂ)၊ သက်သေခံ အက်ဥပဒေပုဒ်မ (၆၂) (မူရင်းသက်သေခံချက်)နှင့် ဆီလျော်အောင် တင်ပြရန် ဆုံးဖြတ်ခဲ့ပြီး ယနေ့တင်သည့် သက်သေခံသတင်းသုံးပုဒ်ကို လက်မခံခဲ့ခြင်းဖြစ်သည်။ 

“ရခိုင်အရေးအခင်းမှာ လူတွေသတ်ခံရတဲ့သတင်း၊ ရိုဟင်ဂျာစွပ်စွဲချက်ခေါင်းစဉ်နဲ့သတင်း၊ ဟိန္ဒူဘာသာဝင်တွေ သတ်ခံရတဲ့သတင်းအပါအဝင် သုံးပုဒ်ရေးသားခဲ့တယ်။ Website က ရေးထားတာကို Print ထုတ်ပြီး သက်သေနဲ့တင်ခဲ့တယ်။ တစ်ဖက်က သက်သေခံဥပဒေပြင်ဆင်ချက်အရ မညီညွှတ်တဲ့အတွက် လက်မခံခဲ့ဘူး”ဟု ဦးသန်းဇော်အောင်က ဆိုသည်။

ထို့ကြောင့် သက်သေ၏ထွက်ဆိုချက် အခြေအနေပေါ်မူတည်၍ သတင်းထောက်ကိုဝလုံးရေးသားခဲ့သည့် သတင်းသုံးပုဒ်ကို မူရင်းဝက်ဘ်ဆိုက်က စာမျက်နှာနှင့် တိုက်ဆိုင်စစ်ဆေးပြီး တင်သွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရုံးချိန်းတွင် ရိုက်တာသတင်းထောက် ကိုဝလုံး သတင်းထောက်လုပ်ငန်းကို စတင်ဝင်ရောက်လာသည့်အချိန် စတင်ကာ ဖမ်းဆီးခဲ့သည့်အချိန်ထိကို အသေးစိတ်ရှင်းလင်းပြောပြခဲ့ကြောင်း သတင်းထောက်နှစ်ဦး ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

သတင်းသမားကျင့်ဝတ်နှင့်အညီ သတင်းတစ်ပုဒ်တွင် ဘက်မျှအောင် ရေးသားခဲ့ကြောင်းကို ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် သတင်းထောက်ကိုဝလုံးက ရုံးချိန်းအပြီး မီဒီယာများကို ပြောကြားသည်။

“ဒီစာရွက်စာတမ်းတွေကို တပ်ကြပ်နိုင်လင်းက ပေးခဲ့တာပေါ့။ ဒီစာရွက်တွေက ဘာစာရွက်တွေမှန်းမသိခင်မှာပဲ ဖမ်းခံလိုက်ရတယ်။ ဒီအကြောင်းကို ထွက်ဆိုခဲ့တယ်။ သတင်းသမားတစ်ယောက် တာဝန်နဲ့အညီ ဆောင်ရွက်ခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်သို့ ထပ်မံချိန်းဆိုထားပြီး ရိုက်တာသတင်းထောက် ကိုဝလုံးကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင်တို့ အပါအဝင် ရဲဝန်ထမ်းနှစ်ဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်ညက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18