News

POST TYPE

NEWS

ဖားကန့်မြေပြိုမှု ရှာဖွေကယ်ဆယ်ရေးရပ်
17-Jul-2018



မြစ်ကြီးနား၊ ဇူလိုင် ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကမ်းပါးယံပြိုကျမှုကြောင့် မြေပိကာပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် မြေပြင်အနေအထားအရ ဆက်လက်ရှာဖွေခြင်းမပြုဘဲ အပြီးရပ်ဆိုင်းထားကြောင်း ကူညီဆောင်ရွက်နေသည့် အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

“ကူညီကယ်ဆယ်ရေးက မလုပ်တော့ဘူးလို့ကြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ်းပါးယံနှစ်ခုကြားမှာ ရွှံ့အိုင်ကြီးကရှိတော့ ဘယ်လိုမှရှာလို့ မရတော့ဘူး”ဟု ဆိတ်မူကျေးရွာအုပ်စု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောဆိုသည်။

အဆိုပါ တောင်ကမ်းပါးယံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ဦး ကျော်ရှိကာ ရေမဆေးကျောက် ရှာဖွေသူတစ်ရာကျော် ပျောက်ဆုံးနိုင်ဖွယ်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းမြေပြိုသည့်နေရာသည် မိုးရွာသွန်းမှုကြောင့် မြေမှာအက်ကြောင်းများ ပေါ်နေခြင်း၊ ရွှံ့နှင့် မြေပျော့နေခြင်းတို့ကြောင့် ရှာဖွေရေးလုပ်ဆောင်ရာတွင် အန္တရာယ်ရှိနိုင်သည့်အတွက် ရှာဖွေရေးလုပ်ငန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

မြေပြိုကျမှုကြောင့် သေဆုံးသူများမှာ ဇူလိုင်လ ၁၈ ရက်နေ့အထိ စာရင်းများအရ ၁၈ ဦးရှိကြောင်း သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

“ပြန်ရှာဖို့က မရှိနိုင်တော့ဘူး။ နောက်ဆုံးပိတ်ပုပ်ပွပြီးရွှံ့တွေ၊ အိုင်တွေထဲကပေါ် လာမှပဲဆယ်ဖို့တော့ရှိမယ်”ဟု ဖားကန့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကောင်းစံက ပြောဆိုသည်။

အဆိုပါမြေပြိုမှုကြောင့် လူတစ်ရာခန့် သေဆုံးနိုင်သည်ဟု အနီးနားဝန်းကျင်မှ ဒေသခံများ၏ အဆိုအရသိရပြီး သေဆုံးမှုစာရင်းအတိအကျကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။

R-06