News

POST TYPE

NEWS

အခြေခံမူ ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ်လက်မှတ်ထိုး


နေပြည်တော်၊ ဇူလိုင် ၁၆

၂၁ ရာစုပင်လုံတတိယအကြိမ် ညီလာခံမှ အခြေခံမူ ၁၄ ချက်ကို သဘောတူညီမှု ရရှိခဲ့ပြီး ယင်းအချက်တို့အား ပြည်ထောင်စု သဘောတူစာချုပ်၏အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးလိုက်သည်။

ယင်းညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ၂ (MICC-2) တွင် ဇူလိုင် ၁၁ မှ ဇူလိုင် ၁၆ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးကဏ္ဍ အခြေခံမူအရ လေးချက်တွင် (၁) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျားမဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေရေးနှင့် တန်းတူညီမျမှုရ ရှိစေရေးအတွက် မူဝါဒချမှတ်ရမည်၊ (၂) ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊ (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့်မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ (၄) ကျား၊ မ ဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရမည်ဟူ၍ဖြစ်သည်။

စီးပွားရေးကဏ္ဍအခြေခံမူ ၁ ချက်မှာ “တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် မိမိတို့တိုင်းနှင့်ပြည်နယ်ရှိ အများပြည်သူ အကျိုးစီးပွားအတွက် ဦးစားပေး အကောင်အထည်ဖော်လုပ်ဆောင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို ရေးဆွဲချမှတ်ဖော်ဆောင်ခွင့် ရှိရမည်၊ ထိုသို့ချမှတ်ရေးဆွဲရာတွင် ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို သဟဇာတဖြစ်စေရေးနှင့် ဆက်စပ်သော အခြားတိုင်းဒေသကြီးနှငိ့ ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားရန်၊ အများပြည်သူ အကျိုးစီးပွားလုပ်ဆောင်နိုင်ရန် စီမံကိန်းများကို ရေးဆွဲချမှတ်ပေးရမည်”ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် လူမှုရေးကဏ္ဍဆိုင်ရာ အခြေခံမူ ၇ ချက်အနေဖြင့် (၁) ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေး လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းနှင့် အကောင်အထည်ဖော်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ (၂) လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ် ဖော်ဆောင်ရန်၊ (၃) လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဖော်ဆောင်ရန်၊ (၄) မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်များ အပါအဝင် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများပြဋ္ဌာန်းပေးရန်၊ (၅) လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတသဘော တရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားရန်၊ (၆) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးမှုဆိုင်ရာ အန္တရာယ်လျော့ချရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သောမူဝါဒများ ချမှတ်ဆောင်ရွက်ရန်၊ (၇) ကလေးသူငယ်အခွင့်အရေး ရရှိရန်နှင့် ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူငယ်များအတွက် ကြီးလေးသောချိုးဖောက်မှု ခြောက်ချက် ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ်ဆောင်ရွက်ရန်ဖြစ်သည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ ၂ ချက်မှာ (၁) နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင် နေထိုင်သူများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ။ (၂) မြေယာကို အသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည်ဟူ၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယင်းညီလာခံတွင် အစုအဖွဲ့အားလုံးမှ ညီလာခံကိုယ်စားလှယ် ၇၀၀ ဦး၊ အထူးဖိတ်ကြားတက်ရောက်သူ ၂၉ ဦး၊ လေ့လာသူ ၂၀၄ ဦး၊ အကျိုးဆောင် ၂၇ ဦးနှင့် အထောက်အကူပြု ၁၅၂ ဦးတက်ရောက်ခဲ့သည်။ တက်ရောက်သူများတွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မိုင်းလား အထူးဒေသ (၄) (NDAA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၊တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် -ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) စသည့် လက်နက်ကိုင်များက ဧည့်သည်အဖြစ် လာရောက်လေ့လာခဲ့ပြီး အစိုးရ၊ တပ်မတော်တို့မှ အကြီးအကဲများနှင့် အလွတ်သဘော တွေ့ဆုံ၍ နောက်ပိုင်းတွင် အစိုးရနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကေအိုင်အို ခေါင်းဆောင်ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံကို ယခုနှစ် ၂၀၁၈ မကုန်မီ တစ်ကြိမ်နှင် ၂၀၁၉ တွင် နှစ်ကြိမ် ထပ်မံကျင်းပရန်နှင့် ယင်းညီလာခံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို အုတ်မြစ်ချနိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်ရန် လက်ရှိညီလာခံက သဘောထား ထုတ်ပြန်လိုက်သည်။

ယင်းအပြင် ၂၀၂၀ ပြည်နှစ်တွင်လည်း လိုအပ်ပါက ပင်လုံအစည်းအဝေးများ လိုအပ်သလိုကျင်းပရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒုတိယအကြိမ်ကျင်းပသည့် ပင်လုံညီလာခံတွင် အခြေခံမူ ၃၇ ချက် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း ၁ အဖြစ် အစိုးရနှင့် လွှတ်တော်တို့မှ မှတ်တမ်းတင်ထားပြီဖြစ်သည်။ 

S-01