News

POST TYPE

NEWS

ကျပ်သိန်း ၁၀၀ တောင်းသည့် လွှတ်တော်ကိုယ်စားလှယ်ကိစ္စ ခံဝန်ဖြင့် အပြီးသတ်
ပုသိမ်၊ ဇူလိုင် ၁၆

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်သည် ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံခဲ့သော အမှုကိစ္စကို စစ်ဆေးပြီးဖြစ်၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတို့၏ ရှေ့တွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောကြားသည်။

ထိုသို့ငွေတောင်းခံမှုတွင် ပါဝင်ခဲ့သော်လည်း ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့ခြင်းမရှိကြောင်း၊ လာဘ်ပေး လာဘ်ယူ ပြုလုပ်ကြောင်း အထောက်အထားခိုင်မာမှု မရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် ငွေကြေးကိစ္စများတွင် ကျင့်ဝတ်မညီဘဲ ပါဝင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှု လွဲမှားစွာ ဆောင်ရွက်ခြင်း၊ အများပြည်သူ အထင်လွဲမှားစေရန် ဆောင်ရွက်ခြင်းတို့ တွေ့ရှိရခြင်းကြောင့် ထိုသို့ခံဝန်ကတိထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

“ငွေကြေးကောက်ခံခြင်း ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ခြင်း၊ ပြည်သူများ အထင်အမြင်လွဲမှားစေခဲ့ခြင်း စတာတွေ စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ ဒါကြောင့် စစ်ဆေးရေးအဖွဲ့ရဲ့ အကြံပြုတင်ပြချက်အရ နောင်အလားတူကိစ္စတွေ မဖြစ်ပေါ်စေဖို့၊ ငွေပေး ငွေယူ ငွေကြေးကောက်ခံတဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်မှုမရှိစေဖို့ ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေမှာဖြစ်ပါတယ်”ဟု ဦးစံမင်းအောင်က ပြောဆိုသည်။

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ကျေးရွာမီးလင်းရေးအတွက် တကောကျေးရွာသို့ ခွင့်ပြုထားသည့်ဘတ်ဂျက်ကို ညောင်ကုန်း ချောင်းဖျားကျေးရွာသို့ ခေါင်းစဉ်ပြောင်းလဲသုံးစွဲရန်အတွက် သက်ဆိုင်ရာဌာနများသို့ပေးရန် ကျပ်သိန်း ၁၀၀ ကို ကျေးရွာမီးလင်းရေး ကော်မတီထံမှ ဦးအောင်ကျော်မြိုင်က တောင်းယူခဲ့ကြောင်း၊ အဆိုပါသတင်းကိုရရှိခဲ့သည့် အိမ်မဲမြို့မှ အလွတ်တန်းသတင်းထောက် ကိုသူရစိုးကို ဦးအောင်ကျော်မြိုင်မှ သတင်းရေးသားဖော်ပြခြင်းမပြုရန် ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့သဖြင့် မတ်လ ၂၇ ရက်နေ့တွင် ကျေးရွာသို့ ငွေများပြန်ပေးခဲ့ကြောင်း၊ အဆိုပါကိစ္စကို ကိုသူရစိုးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

“ကျွန်တော့်အနေနဲ့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်သွားမှာပါ”ဟု ဦးအောင်ကျော်မြိုင်က ပြောဆိုသည်။

R-11