News

POST TYPE

NEWS

မြန်မာ့ကျောက်စိမ်း အချောထည်များ နန်နင်းတွင်ပြသရန် တရုတ်ဘက်ကကမ်းလှမ်း


မန္တလေး၊ ဇူလိုင် ၁၅

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် တရုတ်-အာဆီယံ ဓာတ်သတ္တုနှင့် ကျောက်စိမ်း ကျောက်မျက်ကုန်စည်ပြပွဲသို့ မြန်မာ့ကျောက်စိမ်း အချောထည်များ ပြသရန် တရုတ်ဓာတ်သတ္တုအဖွဲ့က ကမ်းလှမ်းသွားခဲ့သည်။

တရုတ်-အာဆီယံ ဓာတ်သတ္တုနှင့် ကျောက်စိမ်း ကျောက်မျက် ကုန်စည်ပြပွဲကို နန်နင်း ဓာတ်သတ္တုအဖွဲ့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲသို့တက်ရောက်ရန် လာရောက်ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ပြပွဲတာဝန်ခံတစ်ဦးဖြစ်သူ မစ္စတာလူရှောင်ပီးက ပြောကြားသည်။

“အဓိကတော့ မြန်မာ့ကျောက်စိမ်းကို ဒီပွဲကနေ ကမ္ဘာ့ဈေးကွက်ထိ တွန်းပို့ပေးနိုင်ဖို့ ရည်ရွယ်တာ”ဟု ၎င်းက ပြောဆိုသည်။ 

ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (မန္တလေး) နှင့် တရုတ်နိုင်ငံ နန်နင်းဓာတ်သတ္တုအဖွဲ့တို့ ဇူလိုင်လ ၁၄ ရက်နေ့က မန္တလေးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ၌ မစ္စတာ လူရှောင်ပီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာ၌ နန်နင်းကျောက်မျက်ပွဲသို့ သွားရောက်ကြမည့် ကျောက်မျက်လုပ်ငန်းရှင်များ၏ နေထိုင်ရေး၊ ရောင်းချရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောဆိုသည်။

ကျောက်မျက်အချောထည်လောက ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြန်မာနိုင်ငံ၌ ကျောက်စိမ်းထွက်ရှိကြောင်း ကမ္ဘာကသိရှိစေရန် ပြည်ပကျောက်မျက် ပြပွဲများသို့ သွားရောက်ရောင်းချသင့်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းအေးက ပြောကြားသည်။

“ဈေးကွက်ရမယ်။ ဒီမှာက ကျောက်စိမ်း အရိုင်းတုံးတွေရှိတယ်။ နည်းပညာတော့ လိုအပ်တယ်။ သူတို့ဆီမှာက နည်းပညာပေးမယ့်သူရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

တရုတ်-အာဆီယံဓာတ်သတ္တုနှင့် ကျောက်စိမ်းကျောက်မျက်ကုန်စည်ပြပွဲကို ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်သည်။ 

M-08