News

POST TYPE

NEWS

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုဖြင့် အမှုဖွင့်၊ တိုင်ကြားသူကို ယနေ့ ဆေးစစ်ချက်ယူမည်
ရန်ကုန်၊ ဇူလိုင် ၁၅

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အလိုမတူဘဲ အဓမ္မပြုကျင့်သည်ဟုဆိုကာ အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက လာရောက်တိုင်ကြားသဖြင့် မုဒိမ်းမှုဖြင့် အမှုဖွင့်လှစ်ပေးထားပြီး ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ဆေးစစ်ချက်ယူမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်က ပြောကြားသည်။

အဆိုပါ ဆေးစစ်ချက်ယူမည့် အသက် ၄၀ နှစ် ဒေါ်ခင်မာမြင့်မှာ လွန်ခဲ့သည့် ရှစ်ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊ အာသောကလမ်းရှိ အကယ်ဒမီသီဟတင်စိုး၏ နေအိမ်တွင် တစ်လလျှင် လစာငွေ ကျပ်တစ်သိန်းခွဲဖြင့် အိမ်အကူအလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဇူလိုင်လ ၁၃ ရက် ည ၈ နာရီခန့်က သီဟတင်စိုးက ၎င်းကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ချက်အရသိရသည်။

“အမှုတိုင်ကြားချက် မှန်မမှန်ကို စစ်ဆေးပြီးမှပဲ အတိအကျ သိနိုင်လိမ့်မယ်။ ဇူလိုင်လ ၁၄ ရက် ညပိုင်းမှာ အမျိုးသမီးက ရဲစခန်းလာ အမှုဖွင့်တယ်။ ၁၅ ရက်နေ့ကျတော့ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် သူ့ကို ဆေးစစ်ချက်မယူနိုင်ခဲ့ဘူး။ ဒါကြောင့် ၁၆ ရက် နေ့ မနက်ပိုင်း ရဲစခန်းပြန်လာဖို့ ပြောထားပြီး အဲဒီအခါကျမှပဲ ဆေးစစ်ချက်ယူဖြစ်မယ်”ဟု ရဲအရာရှိက ပြောသည်။

သားမယားအဖြစ် အဓမ္မပြုကျင့်ခံရကြောင်း တိုင်ကြားသည့် ဒေါ်ခင်မာမြင့်မှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ ဘဲနန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့က သီဟတင်စိုး၏ နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သော်လည်း ၎င်း၏ အဓိကအလုပ်မှာ သီဟတင်စိုး၏ ယောက္ခမဖြစ်သူ အသက် ၇၅ နှစ် အမျိုးသမီးကို အနီးကပ်ပြုစုလုပ်ကိုင်ပေးရကြောင်းသိရပြီး ဇူလိုင်လ ၁၃ ရက် ည ၈ နာရီက သီဟတင်စိုးက ၎င်းကို အဓမ္မပြုကျင့်စဉ် အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း မိုးသံများကြောင့် မည်သူမျှမကြားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရသိရသည်။

ယင်းနောက် သီဟတင်စိုးက အခြားသူများကို ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ယင်းဖြစ်စဉ်ကို သီဟတင်စိုး၏ ဇနီးဖြစ်သူ သရုပ်ဆောင်ဇင်မာဦးထံ အသိမပေးခဲ့ဘဲ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် နေအိမ်မှ လူများအိပ်ရာမနိုးခင် ၎င်းတစ်ဦးတည်း ထွက်လာခဲ့ပြီး တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သည့် အဒေါ်နှစ်ဝမ်းကွဲတော်စပ်သူထံ သွားရောက်နေထိုင်ခဲ့ကြောင်း တရားလို၏ တိုင်ချက်အရ ရဲအရာရှိက ပြောသည်။

အဆိုပါ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၁၅ ရက် မွန်းတည့်ချိန်က သုဝဏ္ဏနယ်မြေ ရဲစခန်းမှူးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သီဟတင်စိုး၏ နေအိမ်အတွင်း ဝင်ရောက်ကာ စစ်ဆေးမေးမြန်းခဲ့သည်။

“ကိုသီဟတင်စိုးက သူ့မိန်းမ မဇင်မာဦးနဲ့ စကားများရန်ဖြစ်ပြီး မနေ့က နေအိမ်ကနေ ထွက်သွားတယ်လို့ သိရတယ်။ သူ့ဖုန်းကလည်း စက်ပိတ်ထားတာကြောင့် ခေါ်မရဘူး။ ဒါကြောင့် ရဲအရာရှိက သူတို့ စစ်ဆေးစရာတွေရှိလို့ ကိုသီဟတင်စိုးနဲ့ အဆက်အသွယ်ရရင် ရဲစခန်းလာ အစစ်ဆေးခံဖို့ မှာကြားသွားတယ်”ဟု ကြီးပွားရေး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောသည်။ 

အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှု၊ တရားလိုပြု အမှုဖွင့်တိုင်ကြားထားသူ ဒေါ်ခင်မာမြင့်နှင့် မီဒီယာများက ဆက်သွယ်မေးမြန်းနိုင်ရန် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် စုံစမ်းမေးမြန်းခဲ့သော်လည်း တရားလိုဖြစ်သူထံ ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ် ၎င်းတို့တွင် မရှိကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိက ဖြေကြားခဲ့ပြီး သီဟတင်စိုး၏ နေအိမ်ရှိ မိသားစုဝင်များနှင့် တွေ့ဆုံ၍ ယင်းအမှုကိစ္စကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပေ။

S-03