News

POST TYPE

NEWS

မြန်မာ-စင်ကာပူ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ် ချုပ်မည်
ရန်ကုန်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိက ဝင်ရောက်နေသော စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ယခုနှစ်အတွင်း ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲသုံးကြိမ်အထိ ဆွေးနွေးထားပြီး အပြီးသတ် ဆွေးနွေးနိုင်မည့် ဆွေးနွေးမှုတစ်ခုကိုလည်း ယခုလအတွင်း လုပ်ဆောင်ထားကြောင်း ယင်းဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အရင်က ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ လက်မှတ်ထိုးနိုင်ဖို့ လုပ်ထားတာ။ သူတို့ အာဆီယံဥက္ကဋ္ဌတာဝန်နဲ့ အလုပ်များပြီး မတွေ့နိုင်သေးလို့ နည်းနည်းကြာနေတာ”ဟု ၎င်းကဆိုသည်။

ဖွံ့ဖြိုးမှုနောက်ကျပြီး အခြေခံ အဆောက်အဦ လိုအပ်ချက်များပြားသည့် မြန်မာနိုင်ငံအနေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ်များ ချုပ်ဆိုနိုင်ရန်လိုအပ်ကြောင်း၊ ဂျပန်လုပ်ငန်းရှင်များသည်လည်း ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုပြီးမှသာ သီလဝါအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ် လက်မှတ်ထိုးထားသည့်နိုင်ငံများမှာ ကိုရီးယား၊ ကူဝိတ်၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ အမေရိကနှင့် အိန္ဒိယတို့ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ ဇွန်လအကုန်အထိ စင်ကာပူနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၅၃ သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်မှု အများဆုံး ပြုလုပ်သော တရုတ်နိုင်ငံပြီးလျှင် စင်ကာပူနိုင်ငံသည် ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် နိုင်ငံဖြစ်သည်။

J-01