News

POST TYPE

NEWS

အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၀ ကျော် တိုးချဲ့ ဖွင့်လှစ်မည်
ရန်ကုန်၊ ဇူလိုင် ၁၅

ယခုနှစ်ဘတ်ဂျက်မှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၀ ကျော်တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်မှ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်နှစ်များအတွင်း ရန်ကုန်တိုင်းရှိ ခရိုင်လေးခု၊ လွိုင်ကော်၊ တောင်ငူ၊ ပဲခူး၊ တောင်ကြီး၊ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တောနှင့် သံတောင် ကြီး စသည့်ဒေသများအပါအဝင် ပြည် နယ်နှင့်တိုင်းများအလိုက် ကျောင်း ၂၇ ကျောင်း ဖွင့်လှစ်မည်ဖြစ်သည်။

“ခွဲဝေရရှိတဲ့ဘတ်ဂျက်ပေါ် မူတည်ပြီးတော့ ပထမဆုံး မြေနေရာ ရရှိအောင် လုပ်မယ်။ မြေနေရာရပြီးရင် ဘတ်ဂျက်ရပြီးတော့မှ အဆောက်အအုံတွေ ဖြည့်ဆည်းမယ်။ အဆောက်အအုံတွေ ဖြည့်ဆည်းတဲ့အချိန်မှာပဲ ဆရာ၊ ဆရာမတွေကို တစ်ပြိုင်တည်း ဖြည့်ဆည်းဆောင်ရွက်မယ်”ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ပြောကြားသည်။

ကျောင်းများဖွင့်လှစ်နိုင်ရေး မြေနေရာရရှိရန် ဆောင်ရွက်နေရခြင်းဖြစ်၍ စတင်ဖွင့်လှစ်နိုင်ရန် အနည်းဆုံး အချိန် ၂ နှစ်ခန့်ကြာနိုင်မည်ဖြစ်ကာ ဘတ်ဂျက်နှစ်အလိုက် ခွဲဝေရရှိမှုပေါ်မူတည်ကာ ကျောင်း ၂၇ ကျောင်းအတွက် ကျပ်ဘီလီယံ ၅၀ သုံးစွဲရန် လျာထားကြောင်း ဒေါက်တာ နေမျိုးထွန်းက ပြောကြားသည်။

လတ်တလောတွင် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခု၌် စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး နတ်မောက် နယ်မြေ၊ တညင်နှင့် တောင်ဒဂုံတို့တွင် မြေနေရာရရှိပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရသည်။

“ခုအစိုးရသက်တမ်းအတွင်းမှာပဲ ရန်ကုန်တိုင်းအတွင်း ခရိုင် ၄ ခုလုံးမှာ GTI အဆင့် သက်မွေးပညာသင်ကျောင်းတွေ ဖြည့်ဆည်းဖို့ ရည်မှန်းထားတာရှိပါတယ်”ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်၌ အစိုးရနည်းပညာ ကောလိပ် ၃ ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်းဖွင့် လှစ်သင်ကြားနေခြင်းဖြစ်သည်။

J-19