News

POST TYPE

NEWS

ပင်လုံညီလာခံအပေါ် အားရကျေနပ်မှုမရှိဟု UPDJC ဒုဥက္ကဋ္ဌ ပြော
15-Jul-2018 tagged as NCA

နေပြည်တော်၊ ဇူလိုင် ၁၅ 

လက်ရှိ ကျင်းပနေသည့် ၂၁ ရာစု ပင်လုံညီလာခံသည် အားရကျေနပ်လောက်သည့် အခြေအနေမရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားလိုက်သည်။

“ဒီပင်လုံနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့လည်း အမှန်အတိုင်း ဝန်ခံရရင် အားမလို၊ အားမရ ဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တစ်နှစ်လောက်ကြာမှ ကျင်းပနိုင်တဲ့ ဒီညီလာခံကြီးမှာ ရလာမယ့်ရလဒ်က အားရကျေနပ်မှု မရှိဘူး”ဟု ၎င်းက (ဇူလိုင် ၁၅ မွန်းလွဲပိုင်း) က မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ညီလာခံတွင် အချက်အလက်အားဖြင့် ၃၇ ချက်ကို သဘောတူညီမှု ရရှိနိုင်ခဲ့သော်လည်း လက်ရှိညီလာခံတွင် အချက် ၁၄ ချက်သာ တင်ပြထားနိုင်ပြီး ယင်း ၁၄ ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားရကျေနပ်ဖွယ်မရှိကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ထပ်လောင်းပြောကြားသည်။ 

“အဲဒီ ၁၄ ချက်ကို ကျွန်တော်တို့ ပြန်သုံးသပ်မယ်ဆိုရင်လည်း ဝမ်းနည်းစရာ ကောင်းတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဆွေးနွေးနေဆဲဖြစ်သည့် အချက် ၁၄ ချက်သည် နိုင်ငံရေးကဏ္ဍမှ လေးချက်၊ စီးပွားရေးကဏ္ဍမှ တစ်ချက်၊ လူမှုရေးမှ ခုနစ်ချက်၊ မြေယာနှင့် သယံဇာတကဏ္ဍမှ နှစ်ချက်တို့ဖြစ်ပြီး လက်ရှိတွင် ၁၀ ချက်ကို သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍအနေနှင့် လတ်တလော ညီလာခံတွင် ဆွေးနွေးမည့်ခေါင်းစဉ် တင်ပြထားခြင်း မရှိသေးဘဲ နောက်တစ်ကြိမ် ကျင်းပမည့် ညီလာခံရောက်မှသာ တင်ပြဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သဘောတူညီမှုရရှိသည့် အချက်အလက်များသည် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက် ပေးနိုင်ရန် လုံလောက်မှု မရှိသေးသည်ကို ၎င်းအနေနှင့် ဝန်ခံလိုကြောင်း၊ သို့သော် နှစ်ပေါင်း ၇၀ အတွင်း မရှိခဲ့သည့် ဆွေးနွေးမှုမျိုးကို ယခုကဲ့သို့ ညီလာခံအဖြစ် ဆက်လက် ကျင်းပနေနိုင်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးဖြစ်သောကြောင့် ဆက်လုပ်ရမည်ဖြစ်ကြောင်း ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့သည်။

KIO/ KIA အနေနှင့်လည်း NCA ထိုးရန်ကိစ္စသည် စောနေသေးပြီး နောက်ပိုင်းတွင် ဆွေးနွေးဆုံးဖြတ်ကာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က မီဒီယာများကို အစည်းအဝေးကာလအတွင်း ပြောကြားခဲ့သည်။

အစိုးရနှင့် တပ်မတော်တို့အနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကိုပြင်ဆင်ရန် မဖြစ်နိုင်ဟုဆိုပါက ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးရန် မကောင်းသည့် အကျိုးသက်ရောက်မှုဟု သုံးသပ်၍ UWSA “ဝ”အဖွဲ့က အစိုးရထံ တင်ပြခဲ့ကြောင်း မီဒီယာကို ထုတ်ပြန်ထားသည်။

ယခုကျင်းပဆဲ တတိယအကြိမ် ပင်လုံညီလာခံကို ၁၁ ရက်မှ စတင်ခဲ့ပြီး ယနေ့(ဇူလိုင် ၁၆ ရက်) တွင် ဆွေးနွေးချက်နှင့် သဘောတူညီချက်များ အပြီးသတ် ချမှတ်မည်ဖြစ်သည်။

S-01